ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခကောက်ခံမှုမှ ပထမဆုံးသောဝင်ငွေကို အီရန် ရရှိခဲ့ကြောင်း အရာရှိတစ်ဦးက ပြောကြား
ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာသည့် သင်္ဘောများထံမှ ရေလမ်းအသုံးပြုခကောက်ခံသည့်စနစ်မှတစ်ဆင့် ပထမဆုံးသော ဝင်ငွေကို နိုင်ငံတော်ဗဟိုဘဏ်က လက်ခံရရှိပြီဖြစ်ကြောင်း အီရန် လွှတ်တော် ဒုတိယဥက္ကဋ္ဌ Hamid-Reza Haji Babaei က ဧပြီ ၂၃ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်ဟု အီရန်အခြေစိုက် Tasnim သတင်းဌာနက ဖော်ပြထားသည်။
ပြီးခဲ့သည့်လက အီရန်လွှတ်တော်၏ လုံခြုံရေးကော်မတီသည် အဆိုပါ ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများအပေါ် အခွန်ကောက်ခံမည့် အစီအစဉ်ကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်အပေါ် နိုင်ငံတကာမှ အဏ္ဏဝါဥပဒေကျွမ်းကျင်သူများနှင့် အမေရိကန်အရာရှိများက ကန့်ကွက် ရှုတ်ချမှုများ ထွက်ပေါ်လာခဲ့သည်။
"ဒါဟာ တရားမဝင်ရုံတင်မကဘဲ လက်ခံနိုင်စရာမရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်၊ ကမ္ဘာကြီးအတွက်လည်းအန္တရာယ်ရှိပြီး ဒါကို ရင်ဆိုင်တားဆီးဖို့ ကမ္ဘာ့ နိုင်ငံတွေမှာ အစီအစဉ်ရှိဖို့ လိုအပ်ပါတယ်" ဟု တီဟီရန်၏ အခွန်ကောက်ခံမှုစနစ်အပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ထိုစဉ်က ပြောကြားခဲ့သည်။
ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ရည် (LNG) စုစုပေါင်း၏ ငါးပုံတစ်ပုံခန့်ဖြတ်သန်းရာ အဆိုပါ အရေးပါသောရေလမ်းကြောင်းသည် အမေရိကန်၏ ရေတပ်ပိတ်ဆို့မှုများ၊ ဒေသတွင်း သင်္ဘောများအပေါ် တိုက်ခိုက်မှုများနှင့် သိမ်းပိုက်မှုများကြောင့် သွားလာမှုအလွန်နည်းပါးနေသည်။ ဟော်မုဇ် ရေလက်ကြားအပေါ် အီရန်၏ အချုပ်အခြာအာဏာ သတ်မှတ်ခွင့်ရရှိခြင်းသည် စစ်ပွဲအဆုံးသတ်ရန်အတွက် အဓိကအချက်ဖြစ်သည်ဟု တီဟီရန် ဘက်က ယခင်က ပြောကြားခဲ့ဖူးသည်။ လက်ရှိတွင် အီရန်လွှတ်တော်နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့သည် အဆိုပါရေလမ်းကြောင်း အပေါ် အချုပ်အခြာအာဏာ တရားဝင်ထိန်းချုပ်နိုင်မည့်အစီအစဉ်ကို ပြန်လည်သုံးသပ်နေကြောင်း သိရှိရသည်။
တစ်ဆက်တည်းမှာပင် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲပြီးဆုံးသွားပါက ရေလက်ကြားအတွင်း ချထားသည့်မိုင်းများကို အပြီးသတ်ရှင်းလင်းရန် ၆ လခန့်အထိ အချိန်ယူရနိုင်သည်ဟု ပင်တဂွန်စစ်ဌာနချုပ်၏ ထောက်လှမ်းရေး အကဲဖြတ်ချက်ကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြထားသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
