အမေရိကန် ကာကွယ်ရေးဝန်ကြီး ဗင်နီဇွဲလား အနီး စောင့်ကြပ်နေသည့် စစ်သင်္ဘောသို့ သွားရောက်လည်ပတ်
အမေရိကန် ကာကွယ်ရေးဝန်ကြီး Pete Hegseth သည် စက်တင်ဘာ ၈ ရက်နေ့တွင် Puerto Rico ၏ တောင်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာရှိ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး စစ်ဆင်ရေးတွင်ပါဝင်နေသည့် USS Iwo Jima တိုက်ခိုက်ရေးသင်္ဘောအုပ်စုသို့ သွားရောက် လည်ပတ် ခဲ့သည်။ ဝန်ကြီး Hegseth သည် MV-22 Osprey ယာဉ်မှဆင်းကာ USS Iwo Jima ကုန်းပတ်ပေါ်တွင် သင်္ဘောသားများအား ပြုံးရွှင်စွာ နှုတ်ဆက် ခဲ့ပြီး ၎င်းက "သင်တို့လက်ရှိလုပ်နေသည့်အရာက လေ့ကျင့်မှုမဟုတ်ပါ၊ ယင်းက အမေရိကန်ပြည်သူတွေကို အဆိပ်သင့်စေသည်ကို အဆုံးသတ်ရန် အဓိကအကျဆုံး အမျိုးသားအကျိုးစီးပွားအတွက် လက်တွေ့ကျသည့် လုပ်ဆောင်မှုတစ်ရပ်ပဲ" ဟု ပြောကြားခဲ့သည်။
ဝန်ကြီး Hegseth နှင့် တပ်ဖွဲ့ အကြီးအကဲ Dan Caine တို့သည် Puerto Rico ရှိ အကြီးဆုံးလေတပ် Muniz Air Base သို့သွားရောက်ကာ ဒေသဆိုင်ရာအုပ်ချုပ်ရေးမှူး Jennifer Gonzalez-Colon နှင့် တွေ့ဆုံခဲ့ ကြသည်။ Puerto Rico သည် အမေရိကန်၏ ပင်လယ်ရပ်ခြား နယ်မြေ တစ်ခုဖြစ်ပြီး ဖလော်ရီဒါပြည်နယ်မှ ကီလိုမီတာ ၁,၆၀၀ ခန့်နှင့် ဗင်နီဇွဲလား နယ်စပ်မှ ကီလိုမီတာ ၈၀၀ ကျော် ကွာဝေးသည်။
အမေရိကန်၏ အဆင့်မြင့်စစ်ခေါင်းဆောင်များ၏ ယင်းသို့သွားရောက် လည်ပတ်မှုသည် အမေရိကန် တပ်သား ၄,၅၀၀ ခန့် ယင်းဒေသတွင် ရေကြောင်းတပ်ဖွဲ့ ဆင်းသက်တိုက်ခိုက်ရေး လေ့ကျင့်နေချိန်နှင့် တိုက်ဆိုင် နေသည်။ အမေရိကန်ကာကွယ်ရေးဌာနသည် Hegseth နှင့် Caine တို့၏ Puerto Rico ခရီးစဉ်နှင့်ပတ်သက်၍ မှတ်ချက်ပြုရန် ငြင်းဆို ခဲ့သည်။ ယင်းမတိုင်မီတစ်ရက်က သမ္မတ Trump အား ဗင်နီဇွဲလားရှိ မူးယစ်ဆေးကုန်ကြမ်းအဖွဲ့များကို အမေရိကန်က တိုက်ခိုက်နိုင်ခြေရှိ၊မရှိ မေးမြန်းမှုကို ၎င်းက "သင်တို့ သိလာလိမ့်မည်" ဟု ပြောကြားခဲ့သည်။
အမေရိကန်စစ်တပ်သည် တောင်ကာရစ်ဘီယံပင်လယ်တွင် စစ်ရေး အရင်းအမြစ်များ အများအပြားပို့ဆောင်ထားပြီး ယင်းဒေသရှိ မှုခင်း အဖွဲ့ အစည်းများနှင့် မူးယစ်ဆေးကုန်ကြမ်းအဖွဲ့များကို ကာကွယ် တားဆီးရန် စီမံချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကျွမ်းကျင်သူများက ဗင်နီဇွဲလား သမ္မတ Nicolas Maduro အစိုးရအား ဖိအားပေးရန် လှုပ်ရှားမှု တစ်ခု လည်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် လက်တင်အမေရိကရှိ မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး စစ်ဆင်ရေးတွင် စစ်သင်္ဘော ၈ စီး ပါဝင်နေပြီး ယင်းတို့တွင် ကာရစ်ဘီယံ ပင်လယ်ရှိ ကုန်းရေနှစ်သွယ်ချေမှုန်းရေးသင်္ဘောသုံးစင်း၊ ဖျက်သင်္ဘော နှစ်စင်း၊ ခရူဇာတစ်စင်းနှင့် ကာရစ်ဘီယံရှိ တိုက်သင်္ဘောတစ်စင်းနှင့် ပစိဖိတ်အရှေ့ပိုင်းရှိ ဖျက်သင်္ဘောတစ်စင်းတို့ပါဝင်သည်ဟု အမေရိကန် ကာကွယ်ရေးအရာရှိတစ်ဦးက ဆိုသည်။
သမ္မတ Maduro က စက်တင်ဘာ ၁ ရက်နေ့တွင် ကာရစ်ဘီယံဒေသတွင် အမေရိကန်၏ စစ်အင်အား တိုးမြှင့်ချထားမှုကို ဗင်နီဇွဲလားအတွက် လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်း အကြီးမားဆုံးသော ခြိမ်းခြောက်မှုဟု ဖော်ပြခဲ့ပြီး နိုင်ငံကိုကာကွယ်ရန် "လက်နက်ကိုင် တိုက်ပွဲဝင်ရန်" အသင့် ရှိကြောင်းကြေညာကာ တိုက်ခိုက်ရေးတပ်ဖွဲ့များနှင့် အရံတပ်ဖွဲ့များ အသင့်ဖြစ်စေခဲ့သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
