ဟော်မုဇ်ရေလက်ကြားကို အင်အားသုံးသိမ်းပိုက်ရန် မဟာမိတ်များကို သမ္မတထရမ့် တိုက်တွန်းပြီး အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်မည်ဟု ခြိမ်းခြောက်

News Image

  • ဟော်မုဇ်ရေလက်ကြားကို အင်အားသုံးသိမ်းပိုက်ရန် မဟာမိတ်များကို သမ္မတထရမ့် တိုက်တွန်းပြီး အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုများ တိုးမြှင့်မည်ဟု ခြိမ်းခြောက်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ နိုင်ငံတော်မိန့်ခွန်းတွင် အရှေ့အလယ်ပိုင်းမှ ရေနံဝယ်ယူနေသည့် နိုင်ငံများအနေဖြင့် ပိတ်ဆို့နေသော ဟော်မုဇ်ရေလက်ကြားကို အင်အားသုံး၍ သွားရောက် သိမ်းပိုက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်သည်။ အီရန်နိုင်ငံက အရေးပါသော အဆိုပါရေကြောင်းလမ်းကို ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိပါက မဟာမိတ် နိုင်ငံများအနေဖြင့် သတ္တိမွေး၍ ကိုယ်တိုင်သွားရောက် ထိန်းချုပ်ကြရန် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

သမ္မတထရမ့်သည် NATO အဖွဲ့ဝင်နိုင်ငံများက အီရန်နှင့်စစ်ပွဲတွင် ပူးပေါင်းရန် ငြင်းဆန်နေမှုကို အပြင်းအထန်ဝေဖန်ခဲ့ပြီး အီရန်၏ စစ်ရေးစွမ်းဆောင်ရည်များကို အမေရိကန်က သိသိသာသာ လျှော့ချထားနိုင်ပြီဖြစ်သဖြင့် ရေလက်ကြားကို ထိန်းချုပ်ရန် လွယ်ကူလိမ့်မည်ဟု ဆိုသည်။ ထို့ပြင် အီရန်ဘက်က လိုက်လျောမှုမရှိပါက နောက်ထပ် ၂ ပတ်မှ ၃ ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက သတိပေးခဲ့သည်။

လက်ရှိဖြစ်ပွားနေသော အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်စျေးကွက်တွင် ကြီးမားသောထိခိုက်မှု များရှိနေပြီး ကမ္ဘာ့ရေနံလိုအပ်ချက်၏ ငါးပုံတစ်ပုံဖြတ်သန်းရာ ဟော်မုဇ် ရေလက်ကြားပိတ်ဆို့မှုကြောင့် ရေနံစိမ်းစျေးနှုန်းများမှာ တစ်စည်လျှင် ဒေါ်လာ ၁၀၀ ကျော်အထိ စံချိန်တင်မြင့်တက်နေသည်။ 

မတ်လအတွင်း Brent ရေနံစျေးနှုန်းသည် ၆၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်ကာ ၁၁၈ ဒေါ်လာဝန်းကျင်သို့ ရောက်ရှိခဲ့သကဲ့သို့ အမေရိကန် ပြည်တွင်း၌လည်း ဓာတ်ဆီစျေးနှုန်းမှာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် တစ်ဂါလန်လျှင် ၄ ဒေါ်လာအထက်သို့ မြင့်တက်သွားသဖြင့် ဝါရှင်တန်အနေဖြင့် စီးပွားရေးရိုက်ခတ်မှုကို ထိန်းချုပ်ရန် ရုန်းကန်နေရသည်။

အခြားတစ်ဖက်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ် အာရက်ချီက အမေရိကန်အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်ထံမှ သတင်းစကားများရရှိနေသော်လည်း နှစ်နိုင်ငံကြား လျှို့ဝှက်ဆွေးနွေးမှုများရှိနေသည် ဆိုခြင်းကို ငြင်းဆိုထားသည်။ အီရန်အရာရှိများကမူ အမေရိကန်သည် ယခင်ညှိနှိုင်းမှုများကို ဖျက်ဆီးခဲ့သူဖြစ်ကြောင်း စွပ်စွဲထားပြီး ၎င်းတို့၏ ကိုယ်ပိုင်သတ်မှတ်ချက်များအတိုင်းသာ စစ်ပွဲကို အဆုံးသတ်သွားမည် ဖြစ်ကြောင်း တုံ့ပြန်ထားကြသည်။ ယခုအခြေအနေသည် ကမ္ဘာ့ရေနံ စီးဆင်းမှုနှင့် ဒေသတွင်း တည်ငြိမ်မှုအပေါ် စိုးရိမ်ဖွယ်ရာ ဆက်လက် တည်ရှိနေပါသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂