အီရန်က စစ်ရေးအစီအစဉ်များအတွက် အမေရိကန် ဒေါ်လာ ၁ ထရီလီယံနီးပါး အသုံးပြုခဲ့ဟု နေတန်ယာဟုပြော
အီရန်နိုင်ငံသည် ၎င်းတို့၏ စစ်ရေးဆိုင်ရာ အစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ ၁ ထရီလီယံနီးပါး အသုံးပြုခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားသည်။
အီရန်အစိုးရသည် အစ္စရေးကို ဖျက်ဆီးရန်၊ အရှေ့အလယ်ပိုင်းဒေသကို သိမ်းပိုက်ရန်နှင့် တစ်ကမ္ဘာလုံးကိုခြိမ်းခြောက်ရန် တမင်စီစဉ်လျက်ရှိကြောင်း နေတန်ယာဟုက အစ္စရေးရုပ်သံမှတစ်ဆင့် တစ်နိုင်ငံလုံးသို့ ပြောကြားသည့် မိန့်ခွန်းတွင်ပြောကြားသည်။
ထို့ပြင် အီရန်နိုင်ငံသည် ၎င်းအပေါ်ချမှတ်ထားသည့် ပြင်းထန်သော ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားပြီး ၎င်းတို့၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ငွေကြေးအရင်းအမြစ်မြောက်မြားစွာကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။
အီရန်နိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း ၎င်းတို့၏ စစ်ရေးအစီအစဉ်များအတွက် အမေရိကန် ဒေါ်လာ ၁ ထရီလီယံနီးပါး အသုံးပြုခဲ့သော်လည်း အဆိုပါငွေကြေးများသည် ယခုအခါ အလဟဿ ဖြစ်သွားခဲ့ပြီ ဖြစ်ကြောင်း နေတန်ယာဟုက ထပ်လောင်း ပြောကြားခဲ့ကြောင်း သိရသည်။
MWD
