အီရန်၏ တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားရန် လေကြောင်းကာကွယ်ရေး စနစ်များကို အရှေ့အလယ်ပိုင်းသို့ ရွှေ့ပြောင်းမည်မဟုတ်ဟု ပိုလန်ပြော
အီရန်၏ တိုက်ခိုက်မှုများကို ကြားဖြတ်ဟန့်တားရန်အတွက် ပိုလန်နိုင်ငံအနေဖြင့် ၎င်းတို့၏ အမေရိကန်လုပ် ပက်ထရီးယော့လေကြောင်း ကာကွယ်ရေးစနစ်များကို အရှေ့အလယ်ပိုင်းဒေသ သို့ ရွှေ့ပြောင်းသွားမည်မဟုတ်ကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး ဝလက်ဒီစလော ကိုဆီနီယက် ကာမစ်က ပြောကြားသည်။
အမေရိကန်အစိုးရအနေဖြင့် စစ်လက်နက်များကို ပင်တဂွန်စစ်ဌာနချုပ်တွင် အကန့်အသတ်မရှိ သိုလှောင်ထားသည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သော်လည်း အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က လုပ်ဆောင်လျက်ရှိသည့် ပူးတွဲဗုံးကြဲတိုက်ခိုက်မှုများသည် ဒေသတွင်းရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို အီရန်နိုင်ငံက ဆက်လက်၍ တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းကို ဟန့်တားနိုင်ခြင်းမရှိခဲ့ပေ။
ထို့ကြောင့် အမေရိကန်ပြည်ထောင်စုသည် အီရန်နှင့်ဖြစ်ပွားနေသော စစ်ပွဲအတွက် ပိုလန်နိုင်ငံမှ ပက်ထရီးယော့ဒုံးကျည်စနစ် အနည်းဆုံးနှစ်စုံနှင့် ပိုလန်သို့ ယခင်ကရောင်းချထားသည့် PAC-3 MSE ဒုံးကျည်အချို့ကို အမေရိကန်ထံသို့ ငှားရမ်းပေးရန် တောင်းဆိုခဲ့ကြောင်း ပိုလန်နိုင်ငံထုတ် သတင်းစာကြီးတစ်စောင်ဖြစ်သည့် Rzeczpospolita က မတ်လအကုန်ပိုင်းတွင် ဖော်ပြခဲ့ကြောင်းသိရသည်။
သို့သော် ပိုလန်နိုင်ငံရှိ ပက်ထရီးယော့ဒုံးကျည် ကာကွယ်ရေးစနစ်များသည် နိုင်ငံ၏ဝေဟင်ပိုင်နက်နှင့် နေတိုးအဖွဲ့၏အရှေ့ပိုင်းအား အကာအကွယ်ပေးရန် အတွက် အသုံးပြုနေခြင်းဖြစ်ကြောင်း၊ အဆိုပါဒုံးကျည် လွှဲပြောင်းပေးရေးနှင့် စပ်လျဉ်း၍ မည်သည့်အရာမျှ ပြောင်းလဲမည်မဟုတ်ကြောင်း၊ ၎င်းဒုံးကျည်စနစ်များအား မည်သည့်နေရာသို့မျှ ရွှေ့ပြောင်းရန် အစီအစဉ်မရှိကြောင်း ပိုလန်ကာကွယ်ရေးဝန်ကြီး ကိုဆီနီယက်ကာမစ်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသား ဖော်ပြခဲ့ကြောင်း သိရသည်။
MWD
