ခေတ်သစ်စစ်ပွဲ၏ ပြောင်းလဲလာသည့် အခြေအနေများကို ထင်ဟပ်လာသည့် အီရန်၏ ဘာရိန်းရှိ Amazon အချက်အလက် စင်တာအပေါ် တိုက်ခိုက်မှု
ဘာရိန်းနိုင်ငံရှိ Amazon ကုမ္ပဏီ၏ ဝက်ဆိုက်ဝန်ဆောင်မှုများနှင့် ဆက်စပ်နေသော အချက်အလက်စင်တာတစ်ခုသည် အီရန်နိုင်ငံ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်းတွင် ၎င်းတိုက်ခိုက်မှုဖြစ်စဉ်သည် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခဇုန်အတွင်း ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံများအပေါ် တိုက်ရိုက်ပစ်မှတ်ထား လုပ်ဆောင်ခဲ့သည့် ဖြစ်ထောင့်ဖြစ်ခဲ တိုက်ခိုက်မှုတစ်ရပ်အဖြစ် ထွက်ပေါ်လာသည်။
ဘာရိန်းနိုင်ငံရှိ အမေရိကန်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Amazon ၏ ဝက်ဆိုက်ဝန်ဆောင်မှုအချက် အလက်စင်တာသည် အီရန်နိုင်ငံ၏ တိုက်ခိုက်မှုအတွင်း ပျက်စီးသွားခဲ့ကြောင်း အတွင်းသိအရင်းအမြစ်တစ်ခု၏ ပြောကြားချက်ကိုကိုးကား၍ Financial Times သတင်းဌာနက ဧပြီလ ၁ ရက်တွင် ဖော်ပြသည်။
အီရန်နိုင်ငံ၏တိုက်ခိုက်မှုကြောင့် နိုင်ငံအတွင်းရှိကုမ္ပဏီတစ်ခု၏ အဆောက်အအုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုကို အရပ်ဘက်ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်လျက်ရှိကြောင်း ဘာရိန်းပြည်ထဲရေး ဝန်ကြီးဌာနက အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော်လည်း တိုက်ခိုက်ခံရသည့် အဆိုပါကုမ္ပဏီအမည်ကိုသော် လည်းကောင်း၊ ပျက်စီးမှုအတိုင်းအတာကိုသော် လည်းကောင်း ဖော်ပြခဲ့ခြင်းမရှိပေ။
ထို့ပြင် Amazon ကုမ္ပဏီအနေဖြင့်လည်း တိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြောင်း အဆိုပါသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
ယခုဖြစ်ပွားသည့်တိုက်ခိုက်မှုသည် အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့ကြားဖြစ်ပွားနေသော ပဋိပက္ခများသည် ပင်လယ်ကွေ့ဒေသရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာ နည်းပညာအခြေခံ အဆောက်အအုံများထံသို့ ကူးစက်လာနေသည်ကို ပြသလျက်ရှိသည်။
ယခုဖြစ်စဉ်သည် အမေရိကန်နည်းပညာ ကုမ္ပဏီကြီးများဖြစ်ကြသည့် Amazon၊ Microsoft၊ Google နှင့် Apple တို့ကို အရှေ့အလယ်ပိုင်းဒေသ အတွင်း၌ အဓိကပစ်မှတ်ထား တိုက်ခိုက်မည်ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ခြိမ်းခြောက်ခဲ့ပြီးနောက်ပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုဖြစ်ပွားခဲ့သည့်တိုက်ခိုက်မှုသည် ခေတ်သစ်စစ်ပွဲများပြောင်းလဲဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍ အပြောင်းအလဲတစ်ခု ဖြစ်လာနိုင်သည်ဟူသော အရိပ်အမြွက်တစ်ခုအဖြစ် ထွက်ပေါ်လာခဲ့သည်ကားအမှန်ပင်ဖြစ်သည်။ ယခင်ကကဲ့သို့ ရေနံနှင့်စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် သင်္ဘောလမ်းကြောင်းများကဲ့သို့သော သမားရိုးကျပစ်မှတ်များကိုသာမကဘဲ ယခုအခါတွင်မူ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏ အခြေခံကျောရိုးဖြစ်သည့် ဒစ်ဂျစ်တယ်စနစ်များအား ပစ်မှတ်ထားလာခြင်းဖြစ်သည်ဟုလည်း ဆိုနိုင်သည်။
Amazon ၏ ဝက်ဆိုက်ဝန်ဆောင်မှု အချက်အလက်စင်တာသည် အရှေ့အလယ်ပိုင်းဒေသအတွက် ၎င်းတို့၏ ပထမဆုံး Cloud Region ကို ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဘာရိန်းနိုင်ငံ၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဒေသတွင်းရှိ Cloud အခြေခံအဆောက်အအုံကို အသုံးပြုလိုသူများအတွက် ပိုမိုမြန်ဆန်သော ဆက်သွယ်မှုစနစ်ကို ပံ့ပိုးပေးလျက်ရှိသည်။
တစ်နည်းအားဖြင့် အီရန်က ယခုပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ဘာရိန်းနိုင်ငံရှိ အဆိုပါ အချက် အလက်စင်တာသည် ဒေသတွင်းစီးပွားရေး လုပ်ငန်းများနှင့် အစိုးရဌာနဆိုင်ရာဝန်ဆောင်မှုများကို ပိုမိုမြန်ဆန်သော ဆက်သွယ်မှု ပေးစွမ်းနိုင်ရန်၊ အရန်စနစ်များအပြည့်အဝရှိစေရန် အထောက်အကူပြုလျက်ရှိသည့်အပြင် ဒေသတွင်းရှိဘဏ်လုပ်ငန်းစနစ်များ၊ လေကြောင်းကွန်ရက်များ၊ ထောက်ပံ့ပို့ဆောင်ရေး ပလက်ဖောင်းများနှင့် အစိုးရအဖွဲ့များ၏ လုပ်ငန်းစဉ်များအပါအဝင် ဝန်ဆောင်မှုအမျိုးမျိုးကို ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ တည်ဆောက်ထားသည့် ဒေသတွင်း Cloud ဝန်ဆောင်မှုကွန်ရက်၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် အရှေ့အလယ်ပိုင်းဒေသ အတွက်အလွန်အရေးပါသည့် ကွန်ရက်တစ်ခုလည်းဖြစ်သည်။
ထို့ကြောင့် အီရန်၏ ယခုလုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ်သည် ဆိုက်ဘာစစ်ဆင်ရေးနှင့် ရုပ်ပိုင်းဆိုင်ရာစစ်ဆင်ရေးတို့ အကြား ပိုမိုထပ်တူဖြစ်ပွားလာနေသည့် အခြေအနေကို အထင်အရှား ပြသလျက်ရှိသည်။
လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်လျက်ရှိသည့် ပြိုင်ဘက်နိုင်ငံများက အခြားတစ်နိုင်ငံ၏ အခြေခံ အဆောက်အအုံများအပေါ် ဆိုက်ဘာတိုက်ခိုက်မှုများအား ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ကြသော်လည်း ယခုကဲ့သို့ အရေးပါလှသည့် အချက်အလက်စင်တာများကဲ့သို့သော အခြေခံအဆောက်အအုံများအပေါ် တိုက်ခိုက်မှုလုပ်ဆောင်ခြင်းမှာ ဖြစ်ခေါင့်ဖြစ်ခဲ အခြေအနေတွင်သာရှိနေသေးခြင်းကြောင့် လက်ရှိအခြေအနေမှာ ဒေသတွင်းနိုင်ငံများအတွက် အထူးသဖြင့် စိုးရိမ်ဖွယ်ကောင်းလှသည်။
အီရန်နှင့် အမေရိကန်၊ အစ္စရေးနိုင်ငံတို့အကြား တင်းမာမှုများကိုလျှော့ချရန် သံတမန်ရေးရာကြိုးပမ်းမှုများမှာ ဆက်လက်ရှိနေသော်လည်း လက်ရှိအနေအထားမှာ ရှင်းရှင်းလင်းလင်းမရှိသေးဘဲ ခြိမ်းခြောက်မှုများနှင့် လက်တုံ့ပြန်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မျက်မှောက်ကာလတွင် အရှေ့အလယ်ပိုင်းဒေသအတွင်း၌ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများသည် ခေတ်သစ်စစ်ပွဲအတွင်း ပြောင်းလဲဖြစ်ပေါ်လာနေသည့်အခြေအနေများကို ထင်ဟပ်လာနေခြင်းဖြစ်ကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။
MWD
