နေပြည်တော် ဇွန် ၃ ရန်ကုန်တိုင်းဒေသကြီး အထူးကုဆေးရုံ (မင်္ဂလာဒုံ)တွင် သွားနှင့်ခံတွင်းရောဂါ အထူးကုဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေး ဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လူမှုရေးဝန်ကြီးတို့က သွားနှင့်ခံတွင်းရောဂါ အထူးကုဌာနကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး သံဃာတော်အပါး ၅၀ အား အံကပ် တပ်ဆင်ပေးနေမှု၊ သွားနှင့်ခံတွင်းရောဂါ အထူးကုသခန်းများ၊ သွားနှင့်ခံတွင်းအထူး ဓာတ်မှန်ခန်းတို့ကို လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးပြည့်ဝသော သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုကို ပြည်သူများလက်လှမ်းမီ ရရှိနိုင်ရေးအတွက် သွားနှင့်ခံတွင်း အထူးကုဆေးရုံကို နေပြည်တော်တွင် လည်းကောင်း၊ သွားနှင့်ခံတွင်းရောဂါ အထူးကုဌာနများကို မန္တလေးပြည်သူ့ဆေးရုံကြီး ကန်တော်နဒီကုသဆောင်တွင် လည်းကောင်း၊ ရန်ကုန်အထူးကု ဆေးရုံ(သာကေတ)နှင့် ရန်ကုန်တက္ကသိုလ်ဆေးရုံတို့တွင် လည်းကောင်း၊ ယခုအထူးကု ဆေးရုံ(မင်္ဂလာဒုံ)တွင် လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် သွားနုတ်ခြင်း၊ သွားဖာခြင်း၊ သွားစိုက်ခြင်း၊ သွားကျောက်ခြစ်ခြင်း၊ အံကပ်တပ်ဆင်ခြင်း အစရှိသည့် ကုသမှုများကို လာရောက်ကုသမှု ခံယူနိုင်ကြောင်း သတင်းရရှိသည်။MWD
Thu, 4-Jun-2026