ဗင်နီဇွဲလား ရေနံတင်သင်္ဘောကို အမေရိကန်က သိမ်းယူလိုက်ခြင်း အပေါ် တရုတ်နိုင်ငံက ဝေဖန်ပြစ်တင်
ဗင်နီဇွဲလားကမ်းလွန်တွင် 'တရုတ်နိုင်ငံသို့ ဦးတည်မောင်းနှင်နေသော' ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန်က သိမ်းယူခဲ့ပြီးနောက်၊ ဝါရှင်တန်သည် နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခဲ့သည်ဟု ပေကျင်းက ဝေဖန်ခဲ့သည်။
'အမေရိကန်သည် အခြားနိုင်ငံများ၏ သင်္ဘောများကို စိတ်အလိုကျ သိမ်းယူခြင်းဖြင့် နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ခဲ့သည်။ နိုင်ငံတကာဥပဒေ အခြေခံ သို့မဟုတ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့် ခွင့်ပြုချက်မရှိဘဲ တစ်ဦးတည်းသဘောဖြင့် ပြုလုပ်သည့် တရားမဝင် ပိတ်ဆို့အရေးယူမှုများကို တရုတ်နိုင်ငံက ဆန့်ကျင်သည်' ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Lin Jian က ဒီဇင်ဘာ ၂၂ ရက်နေ့ ပေကျင်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြား ခဲ့သည်။
Lin Jian ၏ ထုတ်ပြန်ချက်သည် ဒီဇင်ဘာ ၂၀ ရက်နေ့က ဗင်နီဇွဲလား နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုမှ ထွက်ခွာလာပြီး ကာရေဘီယံပင်လယ်အတွင်း ခုတ်မောင်းနေသည့် ရေနံတင်သင်္ဘောတစ်စင်းကို အမေရိကန် ကမ်းခြေ စောင့်တပ်ဖွဲ့က သိမ်းယူခဲ့ခြင်းနှင့် သက်ဆိုင်သည်။ ရိုက်တာသတင်း ဌာနက ရရှိထားသော စာရွက်စာတမ်းများအရ Centuries ဟု အမည်ရှိ အဆိုပါ ရေနံတင်သင်္ဘောသည် တရုတ်နိုင်ငံသို့ ပို့ဆောင်မည့် ဗင်နီဇွဲလား ရေနံစိမ်း စည်ပေါင်း ၁.၈ သန်းခန့်ကို တင်ဆောင်လာစဉ် အမေရိကန် တပ်ဖွဲ့များ၏ သိမ်းယူခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ဗင်နီဇွဲလားသို့ သွားရောက်သော သို့မဟုတ် ဗင်နီဇွဲလားမှ ထွက်ခွာ လာသော 'ပိတ်ဆို့အရေးယူခံထားရသည့် ရေနံတင်သင်္ဘောများ' ကို ပိတ်ဆို့ တားဆီးမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပြီးနောက်၊ ၎င်းသည် နှစ်ပတ်မပြည့်မီအတွင်း ကာရေဘီယံပင်လယ်၌ အမေရိကန်က ဒုတိယမြောက် သိမ်းယူလိုက်သည့် ရေနံတင်သင်္ဘောဖြစ်သည်။
ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့သည် ဗင်နီဇွဲလား ကမ်းလွန်၌ တတိယမြောက် ရေနံတင်သင်္ဘောဖြစ်သည့် Bella 1 ကို သိမ်းယူရန် ကြိုးပမ်းခဲ့သေးသည်။ သို့သော်လည်း အဆိုပါ သင်္ဘောမှာ လိုက်နာရန် ငြင်းဆန်ပြီး အရှိန်မြှင့် မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် ကြားဖြတ်ဟန့်တားရန် ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေ။ လွန်ခဲ့သည့်နှစ် တွင် အမေရိကန်သည် Bella 1 သင်္ဘောအား အီရန်ရေနံများ သယ်ဆောင် သည်ဟု စွပ်စွဲကာ ၎င်း၏ ပိတ်ဆို့အရေးယူမှုစာရင်းထဲသို့ ထည့်သွင်းခဲ့ သည်။
သတင်းစာရှင်းလင်းပွဲတွင် Lin Jian က တရုတ်နိုင်ငံအနေဖြင့် 'ကုလ သမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များနှင့် အခြေခံမူများကို ဆန့်ကျင်သော၊ အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိပါးနှောင့်ယှက်သော၊ တစ်ဦးတည်းသဘောဆန်ပြီး အနိုင်ကျင့် ဗိုလ်ကျမှု မြောက်သော လုပ်ရပ်အားလုံး' ကို ဆန့်ကျင်ကြောင်း အတည်ပြု ပြောကြား ခဲ့သည်။
ဗင်နီဇွဲလားနိုင်ငံသည် အခြားနိုင်ငံများနှင့် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်း စေမည့် ပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်စွာ ဖော်ဆောင်ပိုင်ခွင့် ရှိကြောင်း Lin Jian က ဆိုသည်။ 'မိမိ၏ တရားဝင် ရပိုင်ခွင့်များနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်သည့် ဗင်နီဇွဲလား၏ရပ်တည်ချက်သည် နိုင်ငံတကာ အသိုက်အဝန်း၏ နားလည်မှုနှင့် ထောက်ခံမှု ကို ရရှိထားသည်ဟု ကျွန်ုပ်တို့ ယုံကြည်သည်' ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အလေးပေး ပြောကြားခဲ့သည်။
ဗင်နီဇွဲလား ရေနံစိမ်းသည် တရုတ်နိုင်ငံ၏ စုစုပေါင်း ရေနံတင်သွင်းမှု၏ ၄ ရာခိုင်နှုန်းခန့်ရှိပြီး၊ ပေကျင်းသည် ကရာကပ်စ်၏ အကြီးဆုံးရေနံ ဝယ်ယူသူ ဖြစ်သည်။ Centuries သင်္ဘောပေါ်ပါ ရေနံစိမ်းများကို Satau Tijana Oil Trading ကုမ္ပဏီက ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ အဆိုပါ ကုမ္ပဏီ သည် ဗင်နီဇွဲလားနိုင်ငံပိုင်ရေနံကုမ္ပဏီ PDVSA မှ ရေနံများကို တရုတ် နိုင်ငံ ရှိ ပုဂ္ဂလိက ရေနံချက်စက်ရုံများသို့ ပြန်လည်ရောင်းချပေးနေသည့် ကြားခံလုပ်ငန်းအချို့အနက် တစ်ခုဖြစ်သည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
