အမေရိကန်-အီရန် စစ်ပွဲသည် ၂ ပတ် သို့မဟုတ် ၃ ပတ်အတွင်း ပြီးဆုံးနိုင်ကြောင်း သမ္မတ ထရမ့် ပြောကြား
အမေရိကန်အနေဖြင့် အီရန်နှင့်ဖြစ်ပွားနေသောစစ်ပွဲကို နောက်လာမည့် နှစ်ပတ်မှ သုံးပတ်အတွင်း အဆုံးသတ်နိုင်ဖွယ်ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၃၁ ရက်နေ့တွင် ပြောကြားလိုက်သည်။
Oval Office မှနေ၍ ထရမ့်က "ကျွန်တော်တို့ အစိုးရအဖွဲ့ အပြောင်းအလဲ (Regime change) လုပ်နိုင်ခဲ့ပြီ၊ တကယ်တော့ အစိုးရအဖွဲ့ အပြောင်း အလဲဆိုတာ ကျွန်တော့်ရဲ့ ရည်မှန်းချက်ထဲမှာ မပါပါဘူး ၊ ကျွန်တော့်မှာ ရည်မှန်းချက်တစ်ခုပဲ ရှိတာပါ၊ အဲ့ဒါက သူတို့ (အီရန်) မှာ နျူကလီးယား လက်နက် လုံးဝမရှိစေရဘူးဆိုတာပါပဲ ၊ အခု အဲ့ဒီပန်းတိုင်ကို ရောက်သွားပြီ၊ သူတို့မှာ နျူကလီးယားလက်နက် ရှိတော့မှာမဟုတ်ဘူး ၊ ဒါပေမဲ့ ကျွန်တော်တို့ ဒီအလုပ်ကို အပြီးသတ်ဖို့လုပ်နေပါတယ် ၊ နောက် ၂ ပတ်၊ ဒါမှမဟုတ် အဲ့ဒီထက် နည်းနည်းပိုတဲ့ ရက်ပိုင်းအတွင်းမှာ အပြီးသတ်နိုင်မယ် လို့ ထင်ပါတယ် ၊ သူတို့ဆီမှာရှိတဲ့ အရာအားလုံးကို ကျွန်တော်တို့ အပြတ် ရှင်းပစ်ချင်တာပါ" ဟု ပြောကြားခဲ့သည်။
အကယ်၍ သဘောတူညီချက်တစ်ခုရရှိခဲ့ပါက စစ်ပွဲမှာ ယခုထက် ပိုမို မြန်ဆန်စွာ ပြီးဆုံးသွားနိုင်ကြောင်းလည်း သမ္မတက ထည့်သွင်း ပြောကြား ခဲ့သည်။ "သူတို့ဘက်က သဘောတူညီချက်တစ်ခု လုပ်ချင်နေတဲ့အတွက် ကျွန်တော်တို့ သဘောတူညီမှု ရနိုင်ခြေရှိပါတယ်၊ သူတို့က ကျွန်တော့် ထက်တောင် ပိုပြီး သဘောတူညီမှုရချင်နေကြတာ၊ ဘာပဲဖြစ်ဖြစ် အချိန်တိုအတွင်းမှာပဲ ကျွန်တော်တို့ အပြီးသတ်နိုင်မှာပါ" ဟု ထရမ့်က ဆိုသည်။
ဆွေးနွေးပွဲများနှင့် ပတ်သက်၍လည်း အကောင်းမြင်သည့် သဘောဖြင့် "အခု ကျွန်တော်တို့နဲ့ ဆွေးနွေးနေတဲ့အုပ်စုက အရင်လူတွေနဲ့မတူဘဲ အများကြီးကွဲပြားပါတယ်၊ သူတို့က ပိုပြီးတော့ အကျိုးအကြောင်း သိနားလည်ကြတယ်" ဟု ပြောကြားခဲ့သည်။
ထို့အပြင် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးမှာ အခြားနိုင်ငံများ၏ ပြဿနာသာဖြစ်ကြောင်း ထရမ့်က ထပ်လောင်းပြောကြားခဲ့ပြီး ထိုအရေးကြီးသည့် ရေလမ်းကြောင်းလုံခြုံရေးအတွက် သက်ဆိုင်ရာ နိုင်ငံများကသာ တာဝန်ယူရမည်ဟု ဆိုသည်။ "ပြင်သစ် ဒါမှမဟုတ် တခြားနိုင်ငံတစ်ခုခုက ရေနံနဲ့ဂတ် လိုချင်တယ်ဆိုရင် ဟော်မုဇ် ရေလက်ကြားထဲကို သူတို့ဘာသာ သွားကြရမယ်၊ သူတို့ဘာသာပဲ ခုခံကာကွယ်ကြရမယ် ၊ အဲ့ဒီ ရေလက်ကြားထဲမှာဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်တော့ပါဘူး" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
