တောင်ကိုရီးယား၌ ခရီးသည်တင်လေယာဉ်အတွင်း မီးခိုးများဝင်ရောက်၊ လူ ၁၂၂ ဦးကိုကယ်ဆယ်

News Image

  • တောင်ကိုရီးယား၌ ခရီးသည်တင်လေယာဉ်အတွင်း မီးခိုးများဝင်ရောက်၊ လူ ၁၂၂ ဦးကိုကယ်ဆယ်

တောင်ကိုရီးယားနိုင်ငံရှိ   ဂျယ်ဂျူးလေဆိပ်တွင် ခရီးသည်တင်လေယာဉ်တစ်စင်းအတွင်းသို့ မီးခိုးများဝင်ရောက်လာသည့်အတွက် ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၁၂၂ ဦးကို အရေးပေါ် ကယ်ဆယ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။

ထိုဖြစ်စဉ်သည် ဇန်နဝါရီလ ၂ ရက် မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ဂျယ်ဂျူးကျွန်းမှ ပိုဟန်းမြို့သို့ပျံသန်းရန် ပြင်ဆင်နေသည့်Jin Air လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းအတွင်းသို့ မီးခိုးများဝင်လာခြင်း ဖြစ်သည်။ ခရီးသည်များက လေယာဉ်ပေါ်သို့ တက်ရောက်ချိန်တွင် လေယာဉ်မှူးအခန်းရှိ အချက်ပေးစနစ်အသံမြည်လာသဖြင့် လေယာဉ်ပေါ်ရှိ ခရီးသည်များနှင့်အမှုထမ်းများ အားလုံးကို  အရေးပေါ်စနစ်ဖြင့် ကယ်ဆယ်ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။

ထိုလေယာဉ်ကို ကျွမ်းကျင်သူများက စစ်ဆေးရာ မီးခိုးထွက်ရခြင်းမှာ လေယာဉ်အမြီးပိုင်းရှိ အရန်စွမ်းအင်စနစ်ချွတ်ယွင်းကာ အပူလွန်ကဲမှုကြောင့် ဖြစ်ပွားခြင်းဖြစ်ကြောင်း ကနဦးယူဆရသည်။ ထိုအရန်စွမ်းအင်စနစ်သည် လေယာဉ်အင်ဂျင်များ ပိတ်ထားသည့် အချိန်တွင် လေယာဉ်အတွင်း လျှပ်စစ်ဓာတ်အားနှင့် လေအေးပေးစက်တို့အတွက် စွမ်းအင်ထောက်ပံ့ပေးသည့် စနစ်ဖြစ်ကြောင်း  တာဝန်ရှိသူများက ပြောသည်ဟု သိရသည်။           

Ref: Xinhua

MWD