ဗီယက်နမ်မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် အပူဒဏ်ပြင်းထန်စွာ ခံစားရ
မေ ၂၅
ဗီယက်နမ်နိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် မေ ၂၇ နှင့် ၂၈ ရက်အထိ ပြင်းထန်သော အပူလှိုင်းဒဏ်ကို ဆက်လက်ခံစားနေရမည်ဖြစ်ကြောင်း ဒေသခံမီဒီယာ သန်နင်းက ယနေ့တွင် ဖော်ပြခဲ့သည်။
အမျိုးသား မိုးလေဝသခန့်မှန်းရေးဌာန၏ ပြောကြားချက်အရ သန်ဟွာမှ ဒါနန်နှင့် အရှေ့ပိုင်း ကွမ်ငိုင်း အထိ အလယ်ပိုင်းဒေသများတွင် ယနေ့ အပူဒဏ်အပြင်းထန်ဆုံးခံစားရမည်ဖြစ်ပြီး အချို့ဒေသများတွင် နေ့အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်မည်ဖြစ်သည်ဟု သိရသည်။
မြောက်ပိုင်းဒေသများနှင့် ဂျာလိုင်မှ လမ်ဒုံ အထိ အရှေ့အလယ်ပိုင်းဒေသများတွင် အပူချိန် ၃၆ မှ ၃၈ ဒီဂရီစင်တီဂရိတ်အကြားရှိပြီး အချို့ဒေသများတွင် ၃၉ ဒီဂရီစင်တီဂရိတ်အထက်တွင်ရှိကြောင်း ခန့်မှန်းထားသည်။
အပူလှိုင်းကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု မြင့်တက်လာကာ လျှပ်စစ်မီးလောင်ကျွမ်းမှု အန္တရာယ်ကို မြင့်တက်စေနိုင်ကြောင်း၊ ဒေသအများအပြားတွင်လည်း တောမီးလောင်ကျွမ်းနိုင်ခြေရှိသဖြင့် သတိပေးထားကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
MDN
