ဖိလစ်ပိုင်နိုင်ငံ၌ ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျမှုကြောင့် လေးဦးသေဆုံး၊ ၁၇ ဦးပျောက်ဆုံး
မေ ၂၅
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ပမ်ပန်ဂါပြည်နယ် အိန်ဂျလိစ်မြို့တွင် မေ ၂၄ ရက် နံနက်အစောပိုင်းက ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျမှုကြောင့် လူလေးဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီး ပျောက်ဆုံးနေသူ ၁၇ ဦးအတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။
ဒေသခံမီးဘေးကာကွယ်ရေးဗျူရို၏ ပြောကြားချက်အရ အပျက်အစီးများကြားမှ သေဆုံးသူသုံးဦးကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် အပျက်အစီးများပြိုကျမှုကြောင့် အနီးနားရှိတိုက်ခန်းတွင် နေထိုင်သော မလေးရှားနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြိုကျနေသော အဆောက်အအုံမှ ၂၄ ဦးနှင့် တိုက်ခန်းမှ နှစ်ဦး မေ ၂၄ ရက် မွန်းလွဲပိုင်းအထိ ၂၆ ဦးထက်မနည်းကို ကယ်တင်နိုင်ခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်ဟု ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အနီးနားရှိ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
MDN
