ဖိလစ်ပိုင်နိုင်ငံ၌ ဆောက်လက်စအဆောက်အအုံ ပြိုကျမှုကြောင့် လူပေါင်း ၃၀ ထက်မနည်း ပိတ်မိနေ
မနီလာ မေ ၂၄
ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း ပမ်ပန်ဂါပြည်နယ် အန်ဂျလိစ်မြို့၌ မေ ၂၄ ရက် နံနက်အစောပိုင်းက ဆောက်လက်စ ကိုးထပ်အဆောက်အအုံတစ်လုံး ပြိုကျမှုဖြစ်ပွားရာ လူပေါင်း ၃၀ ထက်မနည်း ပိတ်မိနေကြောင်း မြို့တော်ပြန်ကြားရေးရုံး၏ ပြောကြားချက်ကို ဒေသတွင်းမီဒီယာများတွင် ကိုးကားဖော်ပြထားသည်။
အန်ဂျလိစ်မြို့တော် ပြန်ကြားရေးရုံးက ယင်းအဆောက်အအုံပြိုကျမှုမှာ မေ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၃ နာရီဝန်းကျင်တွင်ဖြစ်ကြောင်း ပြောသည်။ အဆောက်အအုံပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိ သူ ၂၀ ကျော်ကို ကယ်တင်ထားပြီးဖြစ်ကြောင်းနှင့် ပြိုကျအဆောက်အအုံနေရာတွင် ပိတ်မိနေသူ ၃၀ မှ ၄၀ အထိရှိနေသေးကြောင်း သိရသည်။
မေ ၂၃ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုများနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပွားပြီးနောက် ယင်းအဆောက်အအုံပြိုကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒေသတွင်း မိုးလေဝသဌာန၏ ထုတ်ပြန်ချက် အရ မေ ၂၃ ရက် ည ၇ နာရီမှ ၈ နာ ရီအထိ အန်ဂျလိစ်မြို့တွင် မိုးရေချိန် ၄၄ မီလီမီတာအထိ ရွာသွန်းခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ
MDN
