အီရန်နိုင်ငံတွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း လူပေါင်း ၃,၁၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်အစိုးရက ပြောကြား
ယမန်နှစ်နှောင်းပိုင်းက စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများအတွင်း "ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်သည့် အကြမ်းဖက်မှုများ" ကြောင့် လူပေါင်း ၃,၁၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။
၁၉၇၉ ခုနှစ် အစ္စလာမ်မစ်တော်လှန်ရေးနောက်ပိုင်း ပဋိပက္ခများအတွင်း ထိခိုက်သေဆုံးမှုများကို မှတ်တမ်းတင်ရသည့် အစိုးရအေဂျင်စီဖြစ်သော အီရန်အာဇာနည်များနှင့် စစ်မှုထမ်းဟောင်းများ ရန်ပုံငွေအဖွဲ့ (Iranian Martyrs and Veterans Fund) က ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့် ခဲ့သည့် ဆန္ဒပြပွဲများအတွင်း စုစုပေါင်း လူ ၃,၁၁၇ ဦး သေဆုံးခဲ့ကြောင်း ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ ယင်းသေဆုံးမှု စာရင်း တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အရပ်သား ၂,၄၂၇ ဦး ပါဝင်သည်။
အဆိုပါ ကိန်းဂဏန်းများသည် တရားစီရင်ရေးကဏ္ဍအောက်ရှိ မှုခင်း ဆေးစစ်ဆေးရေးအေဂျင်စီတစ်ခုဖြစ်သော အီရန်မှုခင်းဆေးပညာ အဖွဲ့အစည်း (Iranian Forensic Organization) ထံမှရရှိသော အချက်အလက်များ အပေါ် အခြေခံထားခြင်း ဖြစ်သည်။ ၎င်းသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ နှောင်းပိုင်းတွင် တီဟီရန်မြို့၌စတင်ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံးရှိ မြို့များ သို့ ပျံ့နှံ့သွားခဲ့သည့် ဆန္ဒပြပွဲများနှင့်ပတ်သက်၍ အီရန်အစိုးရက ပထမဆုံး အကြိမ် ထုတ်ပြန်လိုက်သည့် သေဆုံးမှုစာရင်း အချက်အလက်များ ဖြစ်သည်။
"ဖြစ်စဉ်များစွာသည် မိမိကိုယ်ကိုယ် အစ္စလာမ်မစ်နိုင်ငံတော် (IS) ဟု ကြေညာထားသော အဖွဲ့၏ ရက်စက်ကြမ်းကြုတ်သည့် ရာဇဝတ်မှု များကို အမှတ်ရစေပါသည်။ သေဆုံးသူအများအပြားမှာ လမ်းသွား လမ်းလာ များဖြစ်ကြပြီး ရည်ရွယ်ချက်ရှိရှိသတ်ဖြတ်မှုများ သို့မဟုတ် ခွဲခြားမှု မရှိသော အကြမ်းဖက်တိုက်ခိုက်မှုများအတွင်း အသတ်ခံခဲ့ရခြင်းဖြစ်ကာ ယင်းက လူမဆန်သော အကြမ်းဖက်မှုများကို ဖော်ပြနေသည်" ဟု အီရန် အာဇာနည်များနှင့် စစ်မှုထမ်းဟောင်းများ ဖောင်ဒေးရှင်းက ပြောကြား ခဲ့သည်။
ကျန်ရှိသူများမှာ "လူအုပ်အတွင်းရှိ စနစ်တကျဖွဲ့စည်းထားသော အကြမ်းဖက်သမားများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် ဆန္ဒပြသူများ" ဖြစ်ကြောင်း သိရှိရသည်။
အီရန်ရှေ့နေချုပ် Mohammad Movahedi က ၎င်းနေ့တွင်ပင် "ပုန်ကန်မှု ပြီးဆုံးသွားပြီ" ဟု ကြေညာခဲ့ပြီး ဆန္ဒပြပွဲများ၏ နောက်ကွယ်တွင် ရှိနေသူများကို ပြင်းထန်စွာအပြစ်ပေးမည်ဟု ကတိပြုခဲ့သည်။
အီရန်နိုင်ငံပြင်ပရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများစွာကမူ သေဆုံးသူ ၁၅,၀၀၀ ကျော်ရှိပြီး အများစုမှာ ဆန္ဒပြသူများဖြစ်သည်ဟု ခန့်မှန်းထားကြသည်။ သမ္မတ Masoud Pezeshkian နှင့် နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi အပါအဝင် အီရန်တာဝန်ရှိသူ အများအပြားကမူ ထိုအစီရင်ခံစာကို ငြင်းဆိုထားကြသည်။
ကိုးကား- VN Express
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
