ကမ္ဘာ့ပထမဆုံး အလင်းရောင်သုံးရွက်လွှင့် အာကာသယာဉ်ကို အောင်မြင်စွာဖြန့်ကြက်နိုင်
အာကာသထဲမှာ နေရောင်ခြည်စွမ်းအင်အသုံးပြုပြီး လောင်စာမလိုဘဲပျံသန်းနိုင်မယ့် ကမ္ဘာ့ပထမဆုံး အလင်းရောင်သုံးရွက်လွှင့်အာကာသယာဉ်ကို ပညာရှင်များကအောင်မြင်စွာဖြန့်ကြက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
Gamma အမည်ရှိ ပြင်သစ်ကုမ္ပဏီကထုတ်လုပ်ထားတဲ့ ဒီအာကာသယာဉ်ဟာ SpaceX ရဲ့ ဒုံးပျံနဲ့အတူ အာကာသထဲကို ရောက်ရှိသွားခဲ့တာဖြစ်ပြီး ကမ္ဘာပတ်လမ်းထဲမှာ သူ့ရဲ့ ဧရာမရွက်ပြားကြီးကိုဖြန့်ချလိုက်နိုင်တာဖြစ်ပါတယ်။
ဒီနည်းပညာဟာ ပုံမှန်အာကာသယာဉ်တွေလို လောင်စာဆီအသုံးပြုစရာမလိုဘဲ နေကလာတဲ့ အလင်းမှုန်တွေရဲ့ တွန်းကန်အားကိုအသုံးပြုပြီး ခရီးနှင်မှာဖြစ်ပါတယ်။ အခုဖြန့်ချလိုက်တဲ့ရွက်ပြားဟာ ပလတ်စတစ်အကြည်လွှာထက် အဆပေါင်းများစွာ ပိုမိုပါးလွှာပြီး အလွန်ပေါ့ပါးတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတာပါ။ ဒီစမ်းသပ်မှုသာအောင်မြင်ခဲ့မယ်ဆိုရင် အနာဂတ်မှာ ကုန်ကျစရိတ်သက်သာစွာနဲ့ အာကာသခရီးစဉ်တွေကို ရေရှည်သွားလာနိုင်ဖို့ လမ်းစပွင့်သွားမှာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဒီနည်းပညာရဲ့ ရှေ့ပြေးပုံစံကို အာကာသထဲမှာ အောင်မြင်စွာစမ်းသပ်နိုင်ခဲ့တာဖြစ်ပြီး အာကာသယာဉ်ဟာ သူ့ရဲ့ပတ်လမ်းကို ဘယ်လိုပြောင်းလဲနိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
MWD
