အိန္ဒိယအာကာသယာဉ်က လကမ္ဘာတောင်ဝင်ရိုးစွန်းတွင် ရေခဲရှိနိုင်ခြေရှိသော သက်သေအထောက်အထားအသစ်များ ရှာဖွေတွေ့ရှိ
အိန္ဒိယသိပ္ပံပညာရှင်များသည် လကမ္ဘာပေါ်တွင် နောက်ထပ်လဆင်းသက်မှုများ ပြုလုပ်နိုင်ရန် လမ်းစပွင့်သွားစေနိုင်သည့် လမျက်နှာပြင်အောက်ရှိ ရေခဲများနှင့်ပတ်သက်သော သက်သေအထောက်အထားအသစ်များကို ရှာဖွေတွေ့ရှိခဲ့သည်။
အိန္ဒိယအာကာသသုတေသနအဖွဲ့ (ISRO) နှင့် ရုပ်ပိုင်းဆိုင်ရာ သုတေသနဓာတ်ခွဲခန်း (Physical Research Laboratory) မှ သိပ္ပံပညာရှင်များသည် Chandrayaan-2 မစ်ရှင်မှရရှိသော အချက်အလက်များကို လေ့လာသုံးသပ်ခဲ့ကြရာ လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းဒေသရှိ အမြဲတမ်း အရိပ်ကျနေသော မီးတောင်ဝလေးခု၏ အတွင်းဘက်တွင် မြေမြုပ်နေသောရေခဲများနှင့် အလားသဏ္ဍာန်တူသည့် ရေဒါအချက်ပြလက္ခဏာများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း Indian Express သတင်းစာက ဖော်ပြခဲ့သည်။
အဆိုပါဒေသများသည် မည်သည့်အခါမျှ နေရောင်ခြည်တိုက်ရိုက်မရရှိဘဲ အပူချိန်မှာ ၂၅ ကယ်လ်ဗင် (သို့မဟုတ်) -၂၄၈.၁၅ ဒီဂရီဆဲလ်စီးယပ်စ်ခန့်အထိ ကျဆင်းသွားနိုင်သဖြင့် ရေခဲများတည်ရှိနေရန်အတွက် အကောင်းဆုံးနေရာများ ဖြစ်ကြသည်။ အဆင့်မြင့် ရေဒါပိုလာရီမက်ထရစ် ခွဲခြမ်း စိတ်ဖြာမှု (Radar polarimetric analysis) ကို အသုံးပြု၍ ဖော်ထုတ်ခဲ့သော အဆိုပါတွေ့ရှိချက်များကို မေလ ၆ ရက်နေ့ထုတ် npj Space Exploration ဂျာနယ်တွင် ထည့်သွင်းဖော်ပြခဲ့သည်။
အဆိုပါ ရှာဖွေတွေ့ရှိမှုသည် အနာဂတ်လကမ္ဘာစူးစမ်းလေ့လာရေး မစ်ရှင်များတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လာနိုင်ပြီး အာကာသအေဂျင်စီများအနေဖြင့် လူလိုက်ပါမည့် လဆင်းသက်မှုများအတွက် ရေခဲအမြောက်အမြား ရှိနိုင်မည့်ဒေသများကို ရှာဖွေဖော်ထုတ်ရာတွင်လည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။ သိပ္ပံပညာရှင်များက လပေါ်ရှိရေခဲများကို သောက်သုံးရေ၊ ရှူရှိုက်နိုင်သော အောက်ဆီဂျင်နှင့် ရော့ကတ် လောင်စာများအဖြစ် ပြောင်းလဲနိုင်ခြေရှိသည်ဟု ရှုမြင်ထားကြသောကြောင့် လကမ္ဘာပေါ်ရှိရေခဲများကို လကမ္ဘာသွားမစ်ရှင်များအတွက် တန်ဖိုးအရှိဆုံးအရင်းအမြစ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ထားသည်။
လမျက်နှာပြင်အောက်တွင် ရေခဲများရှိနိုင်ခြေရှိခြင်းကြောင့် လကမ္ဘာ၏ တောင်ဝင်ရိုးစွန်းဒေသသို့ သွားရောက်မည့် စူးစမ်းလေ့လာရေးခရီးစဉ်များ ပိုမိုများပြားလာနိုင်ပြီး လက်ရှိတွင်လည်း ISRO အဖွဲ့သည် ၎င်းတို့၏ အနာဂတ်လကမ္ဘာသွားမစ်ရှင်များတွင် အသုံးပြုနိုင်မည့် မျိုးဆက်သစ်လွှတ်တင်ရေးယာဉ်များ (Next Generation Launch Vehicles - NGLV) ကို တီထွင်ထုတ်လုပ်ရန် အတည်ပြုချက်များရရှိထားပြီးဖြစ်ကြောင်း သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး
