ကမ္ဘာ့ပထမဆုံး မြေအောက်နျူကလီးယား စွန့်ပစ်ပစ္စည်းသိုလှောင်ရုံ ဖင်လန်နိုင်ငံတွင် မကြာမီစတင်လည်ပတ်တော့မည်

News Image

  • ကမ္ဘာ့ပထမဆုံး မြေအောက်နျူကလီးယား စွန့်ပစ်ပစ္စည်းသိုလှောင်ရုံ ဖင်လန်နိုင်ငံတွင် မကြာမီစတင်လည်ပတ်တော့မည်

ဖင်လန်နိုင်ငံအနောက်တောင်ပိုင်း အူရာယိုကီမြို့ရှိ နှစ်ပေါင်း ၁.၉ ဘီလီယံ သက်တမ်းရှိ ခိုင်ခံ့သောကျောက်သားထုကြီးကိုထွင်းထု၍ မြေအောက် အနက် ၄၃၃ မီတာတွင် တည်ဆောက်ထားသည့် ‘အွန်ကာလို’ (Onkalo) နျူကလီးယားစွန့်ပစ်ပစ္စည်းဘူမိဗေဒသိုလှောင်ရုံသည် ကမ္ဘာ့ပထမဆုံးသော အမြဲတမ်းမြေအောက်သိုလှောင်ရုံအဖြစ် ယခုနှစ်ကုန် သို့မဟုတ် လာမည့်နှစ်အစပိုင်းတွင် လုပ်ငန်းများ စတင်လည်ပတ်နိုင်တော့မည် ဖြစ်သည်။ 

နျူကလီးယားဘေးထွက်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးက ဆယ်စုနှစ်ပေါင်းများစွာလုံးပန်းနေရချိန်တွင် ဖင်လန်နိုင်ငံ သည် အဆိုပါမြေအောက်သိုလှောင်မှုစနစ်ကို ပထမဆုံးစတင် ဖွင့်လှစ်သည့်နိုင်ငံ ဖြစ်လာရန်ရှိနေပြီး လာမည့်ဇွန်လတွင် နိုင်ငံ၏ ဓာတ်ရောင်ခြည် နှင့် နျူကလီးယားဘေးကင်းလုံခြုံရေးအာဏာပိုင်အဖွဲ့ (STUK) ၏ အပြီးသတ်အတည်ပြုချက်နှင့် လုပ်ငန်းလည်ပတ်ခွင့်လိုင်စင်ရရှိရန် မျှော်လင့်ထားသည်။

အဆိုပါစီမံကိန်းကို နျူကလီးယားစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကုမ္ပဏီဖြစ်သည့် ပိုဆီဗာ (Posiva) က ၂၀၀၄ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယူရိုတစ်ဘီလီယံ (ဒေါ်လာ ၁.၁၆ ဘီလီယံ) ခန့် ကုန်ကျထားသည်။ အွန်ကာလိုသိုလှောင်ရုံသည် ဖင်လန်နိုင်ငံရှိ နျူကလီးယားဓာတ်ပေါင်းဖို ၅ ခုမှ ထွက်ရှိမည့် ယူရေနီယံတန်ချိန် ၆,၅၀၀ အထိ ဝင်ဆံ့နိုင်ပြီး ပထမဆုံးအဆင့်အနေဖြင့် အနီးရှိ အိုကီလူအိုတို (Olkiluoto) ဓာတ်အားပေးစက်ရုံတွင် ရေဖြင့်အအေးခံကာ ယာယီသိမ်းဆည်းထားသည့် စွန့်ပစ်လောင်စာများကို စတင်မြှုပ်နှံသွားမည် ဖြစ်သည်။ 

ရေဒီယိုသတ္တိကြွစွန့်ပစ်လောင်စာများကို သံချေးတက်ခြင်းကို အထူးခံနိုင်ရည်ရှိသော ကြေးနီဘူးများအတွင်းထည့်သွင်းကာ ဥမင်လိုဏ်ဂူများ အတွင်း တူးထားသောတွင်းများ၌မြှုပ်နှံပြီး ဘန်တိုနိုက် (Bentonite) ရွှံ့စေးများဖြင့် အလုံပိတ်သွားမည်ဖြစ်သည်။ ဥမင်လိုဏ်ဂူတစ်ခုစီ ပြည့်သွားပါက သံကူကွန်ကရစ်ပလပ်များဖြင့် ထပ်မံပိတ်ဆို့သွားမည်ဖြစ်သည်။

စွန့်ပစ်လောင်စာများကို အွန်ကာလို၏ ကြီးမားသော ဥမင်လိုဏ်ဂူ ကွန်ရက်အတွင်း နှစ်ပေါင်း ၁၀၀ ကြာသိမ်းဆည်းရန် စီစဉ်ထားသော်လည်း နျူကလီးယားဓာတ်ပေါင်းဖိုအသစ်များ ထပ်မံတည်ဆောက်ပါက လုပ်ငန်းလည်ပတ်မှုသက်တမ်းကို တိုးမြှင့်နိုင်သည်။ အပြီးသတ်ပိတ်ဆို့ပြီးပါက အနည်းဆုံး နှစ်ပေါင်း ၁၀၀,၀၀၀ ကြာသည်အထိ ဘေးကင်းစွာရှိနေမည်ဖြစ်ပြီး ထိုအချိန်ကာလရောက်မှသာ ရေဒီယိုသတ္တိကြွမှုသည် မူလယူရေနီယံသတ္တုရိုင်းအဆင့်သို့ ကျဆင်းသွားမည်ဖြစ်သည်။ 

နျူကလီးယားကြီးကြပ်ကွပ်ကဲရေးအဖွဲ့ (STUK) က အနာဂတ်နှစ်ပေါင်း တစ်သန်းအထိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများကိုဆန်းစစ်ခဲ့ရာ ကြေးနီဘူး များသံချေးတက်ခြင်းနှင့် ရေခဲခေတ်များအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ယိုစိမ့်နိုင်ခြေရှိသည့် ရေရှည်စိန်ခေါ်မှုများရှိနေသော်လည်း ဆန်းစစ်ချက် ရလဒ်များမှာ ကောင်းမွန်သောအခြေအနေတွင် ရှိနေသည်။

ပြင်သစ်နိုင်ငံကဲ့သို့ အခြားနိုင်ငံများတွင် ထိုသို့သောစီမံကိန်းများအပေါ် ကန့်ကွက်မှုပြင်းထန်သော်လည်း ဖင်လန်နိုင်ငံတွင်မူ ပြည်သူများက STUK ၏ ဆန်းစစ်ချက်များကိုယုံကြည်ကြသဖြင့် နျူကလီးယားစွမ်းအင်အပေါ်ထောက်ခံမှုသမိုင်းတစ်လျှောက် အမြင့်ဆုံးသို့ရောက်ရှိနေသည်။ သို့သော်လည်း ဖင်လန်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ကမူ နှစ်ပေါင်းထောင်ချီကြာသည့်အထိ မည်သူမျှဘေးကင်းလုံခြုံမှုကို အာမမခံနိုင်ကြောင်း ဆက်လက်ဝေဖန်ထားသည်။

လက်ရှိ ဖင်လန်ဥပဒေအရ နိုင်ငံတွင်းထွက်ရှိသည့် နျူကလီးယားစွန့်ပစ်ပစ္စည်းများကို ပြည်ပ (ဥပမာ-ရုရှား) သို့ တင်ပို့ခွင့်မပြုဘဲ နိုင်ငံ အတွင်း၌သာ မြှုပ်နှံရမည်ဖြစ်သည်။ လက်ရှိ လက်ယာယိမ်းအစိုးရသည် နျူကလီးယားစွမ်းအင် တိုးမြှင့်ထုတ်လုပ်ရေးကို ဦးစားပေးလျက်ရှိပြီး အသေးစားမော်ဂျူလာဓာတ်ပေါင်းဖိုများ (SMRs) တည်ဆောက်ရန်စဉ်းစားနေကာ ၎င်းတို့မှထွက်ရှိမည့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု ဆန်းစစ်ချက်ကိုလည်း လာမည့်နှစ်မတ်လတွင် အပြီးသတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး