ထရမ့်က ၎င်း၏ငြိမ်းချမ်းရေးဘုတ်အဖွဲ့တွင် ရာသက်ပန်ဥက္ကဋ္ဌအဖြစ်ဆက်ရှိနေရန် စိတ်ကူးရှိသော်လည်း တကယ်လုပ်ဖြစ်မည်ကိုမူ မသေချာ ဟုဆို
သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏ ဒုတိယမြောက် သမ္မတသက်တမ်း ကုန်ဆုံးပြီး နောက်တွင်လည်း "ငြိမ်းချမ်းရေးဘုတ်အဖွဲ့" (Board of Peace) ၏ ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ယူရန် လမ်းဖွင့်ထားကြောင်းနှင့် ဖြစ်နိုင်လျှင် ရာသက်ပန်ပင်တာဝန်ယူသွားနိုင်ကြောင်း ပြောကြားခဲ့ပြီး၊ အဆိုပါဆုံးဖြတ်ချက်မှာ နောက်ဆုံးတွင် ၎င်း၏အပေါ်၌သာ မူတည်ကြောင်း ဆိုခဲ့သည်။
ဆွစ်ဇာလန်နိုင်ငံမှ ဝါရှင်တန်သို့ လေယာဉ်ဖြင့်အပြန်တွင် ထရမ့်က သတင်းထောက်များကို ပြောကြားရာ၌ "မိမိသာ အလိုရှိမည်ဆိုပါက ထိုသို့လုပ်ပိုင်ခွင့်ရှိပါသည် ၊ ဆိုလိုသည်မှာ မိမိကိုယ်တိုင်ပဲ ဆုံးဖြတ်မှာပါ" ဟု ပြောဆိုခဲ့ပြီး အခြေအနေများ မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရမည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
ထို့အပြင် အခြားသူများကလည်း ၎င်းအား အဆိုပါရာထူးတွင် ဆက်လက် ရှိနေရန် တိုက်တွန်းအားပေးနေကြကြောင်း ထရမ့်က အရိပ်အမြွက် ပြောကြားခဲ့သော်လည်း "သို့ပေသည့် မိမိ ထိုသို့ဆောင်ရွက်ရန် တကယ် အလိုရှိ၊ မရှိ ဆိုသည်မှာ မသေချာပါ" ဟု ဆိုသည်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့၏ ပဋိညာဉ်စာတမ်းအရ ဥက္ကဋ္ဌကို "ကာယကံရှင် ကိုယ်တိုင် ဆန္ဒအလျောက် နှုတ်ထွက်ခြင်း (သို့မဟုတ်) တာဝန် မထမ်းဆောင် နိုင်လောက်အောင် မစွမ်းမသန်ဖြစ်ခြင်း" တို့ရှိမှသာ အစားထိုးနိုင်မည် ဖြစ်သည်။ အဆိုပါ စာတမ်းတွင် ထရမ့်အား ပထမဆုံးသော ဥက္ကဋ္ဌအဖြစ် အမည်တပ်ဖော်ပြထားရာ ၎င်းကိုယ်တိုင် ဖယ်ပေးရန် ဆုံးဖြတ်ချက် မချ မချင်း ယင်းရာထူးမှာ ခိုင်ခိုင်မာမာရှိနေမည့်ပုံစံ ဖြစ်နေသည်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေဖြင့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့သို့ ဝင်ရောက်နိုင်ရန်အတွက် နိုင်ငံတကာတွင် ပိတ်ဆို့ခံထားရသော ရုရှား ပိုင်ဆိုင်မှုများကို အသုံးပြုနိုင်ခြေ ရှိ၊ မရှိ မေးမြန်းရာတွင်လည်း ထရမ့်က "ပူတင် က ငြိမ်းချမ်းရေးဘုတ်အဖွဲ့ထဲ ဝင်လာမှာပါ ၊ ပြီးတော့ ဒေါ်လာ တစ်ဘီလီယံလောက်လည်း ထည့်ဝင်မှာပါ ၊ ၎င်းအနေဖြင့် ၎င်းပိုက်ဆံ ၎င်းသုံးပြီး ဝင်လာမည်ဆိုပါက ယင်းက အရမ်းကောင်းသည့် ကိစ္စပါ" ဟု ထရမ့်က ပြောဆိုခဲ့သည်။
ကိုးကား- CNN
Photo: MSN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
