ယူကရိန်းနိုင်ငံသည် လာမည့်နှစ်တွင် EU အဖွဲ့ဝင်ဖြစ်လာရန်မျှော်လင့်ကြောင်း ဇီလန်စကီး ပြောကြား
ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်စကီးသည် ၎င်း၏နိုင်ငံအား လာမည့် နှစ်တွင် ဥရောပသမဂ္ဂ (EU) သို့ ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုလျက် ရှိသည်။ ထိုအယူအဆမှာ အဖွဲ့ဝင်နိုင်ငံအချို့အကြား မကျေနပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီးဖြစ်သည်။
အင်္ဂါနေ့ (ဇန်နဝါရီ ၂၇) က တင်ခဲ့သော X ပို့စ်တစ်ခုတွင် ဇီလန်စကီးက အဘူဒါဘီ၌ ပြုလုပ်ခဲ့သည့် လတ်တလော ရုရှား-အမေရိကန်-ယူကရိန်း ဆွေးနွေးပွဲများအကြောင်း သြစတြီးယား အဓိပတိ ခရစ်ရှန် စတော့ကာ နှင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ အဆိုပါ ညှိနှိုင်းမှုများသည် အဓိက အားဖြင့် စစ်ရေးကိစ္စရပ်များကို အာရုံစိုက်ခဲ့သော်လည်း လုံခြုံရေး ဆိုင်ရာ အာမခံချက်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောကြား ခဲ့သည်။
“ယူကရိန်းနိုင်ငံ ဥရောပသမဂ္ဂသို့ ဝင်ရောက်ခြင်းဟာ ကျွန်တော်တို့အတွက်တင်မကဘဲ ဥရောပတစ်ခုလုံးအတွက်ပါ အဓိကကျသည့် လုံခြုံရေး အာမခံချက်များထဲက တစ်ခုဖြစ်ပါသည်” ဟု ၎င်းက ရေးသားခဲ့သည်။ “ထို့ကြောင့်လည်း မိမိတို့သည် ၂၀၂၇ ခုနှစ်ဆိုသည့် တိကျသည့် ရက်စွဲ တစ်ခုကို ပြောဆိုနေခြင်းဖြစ်ပြီး ကျွန်တော်တို့၏ ရပ်တည်ချက်အပေါ် မိတ်ဖက်များ၏ ပံ့ပိုးကူညီမှုကို မျှော်လင့်နေခြင်း ဖြစ်ပါသည်” ဟု ဆိုသည်။
ယင်းမတိုင်မီ ရက်ပိုင်းအလိုကပင် စတော့ကာသည် ယူကရိန်း၏ ကြိုးပမ်းမှု ကို အလျင်စလို လုပ်ဆောင်ခြင်းအား ကန့်ကွက်ကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ကျွန်တော်ကတော့ ဖြတ်လမ်းနည်း (Fast lane) ကို သဘောမကျပါဘူး ၊ အဖွဲ့ဝင်ဖြစ်ရေး စံနှုန်းများကို ပြည့်မီ ရမှာ ဖြစ်ပါသည်” ဟု ၎င်းက ပြောကြားခဲ့ပြီး “စည်းကမ်း သတ်မှတ်ချက် များဟာ လူတိုင်းအတွက် အတူတူပဲ ဖြစ်သင့်သည်” ဟု ဖြည့်စွက် ပြောဆိုခဲ့သည်။
ယူကရိန်းအတွက် အမြန်ဆုံးနည်းလမ်းဖြင့်အဖွဲ့ဝင်ဖြစ်ရေးမှာ အမေရိကန် က ကျောထောက်နောက်ခံပြုထားသည့် ဒေါ်လာ ၈၀၀ ဘီလီယံတန်ဖိုးရှိ ပြန်လည်ထူထောင်ရေး ‘သာယာဝပြောမှု’ စီမံကိန်း၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း သိရှိရပြီး ယင်းစီမံကိန်းကို ဥရောပကော်မရှင်ကလွန်ခဲ့သည့်သီတင်းပတ်တွင် EU အဖွဲ့ဝင်နိုင်ငံများထံ သီးသန့်ဖြန့်ဝေ ခဲ့ခြင်းဖြစ်သည်။
Politico ၏ဖော်ပြချက်အရ အဆိုပါစာတမ်းသည် ယူကရိန်း၏ EU အဖွဲ့ဝင်ဖြစ်ရေးကို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်နှင့် တရားဝင် ချိတ်ဆက်ထားသည့် ပုံစံကြောင့် EU ခေါင်းဆောင်များအကြား ဝေခွဲမရ ဖြစ်စေခဲ့ကြောင်း (ကုန်ကျစရိတ် အလွန်အမင်း မြင့်မားနေခြင်းကြောင့် ထက် အဆိုပါချိတ်ဆက်မှုကြောင့် ဖြစ်ကြောင်း) သိရှိရသည်။
လွန်ခဲ့သည့်သီတင်းပတ်က ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန်က ယင်းအဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၎င်း၏ ပြောကြားချက် အရ အဆိုပါအစီအစဉ်သည် လာမည့် (၁၀) နှစ်အတွင်း ယူကရိန်း ပြန်လည်ထူထောင်ရေးအတွက် ယူရို ၈၀၀ ဘီလီယံနှင့် စစ်ရေးလိုအပ်ချက်များအတွက် နောက်ထပ် ယူရို ၇၀၀ ဘီလီယံကို EU မှ ထောက်ပံ့ ပေးရန် တောင်းဆိုထားခြင်း ဖြစ်သည်။ “ယခု ကျွန်တော်ပြောသည်ကို ရှင်းရှင်းလင်းလင်း မှတ်ထားလိုက်ပါ ၊ ဟန်ဂေရီဟာ ထို့အတွက် ပေးချေမည် မဟုတ်ပါ” ဟု ၎င်းက X တွင် ရေးသားခဲ့သည်။
၎င်းက ယူကရိန်းအား EU သို့ ဝင်ရောက်ခွင့်ပြုမည့် အယူအဆကိုလည်း ပယ်ချခဲ့ပြီး “နောက်ထပ် နှစ်ပေါင်းတစ်ရာအတွင်း” မည်သည့် ဟန်ဂေရီ လွှတ်တော်ကမျှ အဖွဲ့ဝင်ဖြစ်ရေးအတွက် မဲပေးကြမည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ အဖွဲ့ဝင်ဖြစ်လာပါက ဥရောပသမဂ္ဂအနေဖြင့် ရုရှားနှင့် တိုက်ရိုက်ပဋိပက္ခဖြစ်ပွားမည့် အန္တရာယ်ရှိနိုင်ကြောင်း အကြောင်းပြလျက် အော်ဘန်သည် ယူကရိန်း၏ ကြိုးပမ်းမှုကို ကာလရှည်ကြာ ဆန့်ကျင်လာ ခဲ့သူဖြစ်သည်။
မော်စကိုကမူ ယူကရိန်း EU သို့ ဝင်ရောက်ခြင်းကို ၎င်းတို့အနေဖြင့် မကန့်ကွက်ကြောင်း ကာလရှည်ကြာ ပြောဆိုခဲ့သည်။ သို့သော်လည်း နေတိုးအဖွဲ့သို့ ဝင်ရောက်ရန် ကိယက်ဗ်၏ ရည်မှန်းချက်မှာမူ ကျော်ဖြတ်၍ မရသော စည်း (Red line) တစ်ခုဖြစ်ပြီး လက်ရှိပဋိပက္ခ၏ အဓိက အကြောင်းရင်းများထဲမှတစ်ခုဖြစ်ကြောင်း ရုရှား၏ပြောကြားချက်အရ သိရှိရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး (၂)
