အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ်သတ်မှတ်ရန် ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပြင်ဆင်နေ
ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးဝန်ကြီးများသည် အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရန် ရှိမရှိနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုံရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ထိုအဆိုပြုချက်သည် ကြာမြင့်စွာကတည်းက ဆွေးနွေးခဲ့သော်လည်း အကြိမ်ကြိမ် ရပ်တန့်နေခဲ့ခြင်းဖြစ်ပြီး ယခုအခါ အဓိက အဖွဲ့ဝင်နိုင်ငံအချို့၏ သဘောထားများပြောင်းလဲလာမှုကြောင့် ပြန်လည် အရှိန်ရလာခြင်း ဖြစ်သည်။
ယခင်က ပြင်သစ်၊ အီတလီနှင့် စပိန်နိုင်ငံတို့သည် ထိုအဆိုပြုချက်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ အီရန်စစ်တပ်၏ တရားဝင်လက်ရုံးတစ်ခုဖြစ်သော IRGC ကို အမည်ပျက်စာရင်းသွင်းခြင်း (Blacklist) သည် တီဟီရန်အစိုးရနှင့် အရေးကြီးသော သံတမန် ဆက်သွယ်ရေး လမ်းကြောင်းများကို ပြတ်တောက်သွားစေနိုင်ပြီး၊ ဥရောပ၏ အကျိုး စီးပွားများအပေါ် လက်စားချေတုံ့ပြန်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု ၎င်းတို့က အကြောင်းပြခဲ့ကြသည်။
သို့သော်လည်း ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၈) က Politico နှင့် Euronews တို့တွင် ဖော်ပြခဲ့သော သံတမန်ရေးရာ သတင်းရင်းမြစ်များအရ ထို ကန့်ကွက်မှုများမှာ ယခုအခါ လျော့ပါးသွားပြီဖြစ်သည်။ အီရန်နိုင်ငံ အတွင်း ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းခြင်းနှင့် ရုရှားသို့ စစ်ရေးအရ ကူညီထောက်ပံ့ပေးနေခြင်းတို့ကို အကြောင်းပြ၍ ပြင်သစ်သမ္မတ နန်းတော် (Elysee Palace) နှင့် စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့က ၎င်းအဖွဲ့ကို အမည်ပျက်စာရင်းသွင်းရန် ထောက်ခံလိုသည့် ဆန္ဒအသစ်များကို ပြသခဲ့ကြသည်။ အီတလီနိုင်ငံသည်လည်း ယခုသီတင်းပတ်အစောပိုင်းတွင် ၎င်း၏ သဘောထားကို ပြောင်းလဲခဲ့ကြောင်း သိရှိ ရသည်။
ယခုကဲ့သို့ သဘောထားပြောင်းလဲလာမှုကြောင့် ကြာသပတေးနေ့ (ဇန်နဝါရီ ၂၉) တွင် ပြုလုပ်မည့် အဖွဲ့ဝင် ၂၇ နိုင်ငံ၏ အစည်းအဝေး၌ လိုအပ်သော တညီတညွတ်တည်းဆန္ဒမဲ (Unanimous vote) ကို ရရှိ နိုင်ခြေ ပိုမိုမြင့်မားလာစေသည်။ ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးများသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ပြုလုပ်သည်ဟု စွပ်စွဲခံထားရသော အီရန်တစ်ဦးချင်းစီနှင့် အဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် သီးခြား ပိတ်ဆို့အရေးယူမှုများကိုလည်း အတည်ပြုရန် မျှော်လင့်ရသည်။
အနောက်အင်အားကြီးနိုင်ငံများက တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် မကြာသေးမီက ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများအတွင်း ရက်စက် ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားကြသည်။ သို့သော် တီဟီရန်အစိုးရကမူ ပြည်ပစစ်ရေးစွက်ဖက်မှုများ ပြုလုပ်နိုင်ရန်အတွက် အကြောင်းပြချက်ရှာရန် အမေရိကန်နှင့်အစ္စရေးတို့က ဆန္ဒပြမှုများကို လှုံ့ဆော်နေခြင်းဖြစ်သည်ဟု ပြန်လည်စွပ်စွဲထားသည်။ အဆိုပါ ဆန္ဒပြမှု များအတွင်း လူပေါင်း ၃,၀၀၀ ကျော် သေဆုံးခဲ့ပြီး အများ ပြည်သူ ဆိုင်ရာနှင့် အစိုးရအဆောက်အအုံများစွာ ပျက်စီးခဲ့ရသည်ဟု အီရန် ဘက်က ပြောကြားထားသည်။
အကယ်၍ ထိုအဆိုပြုချက်ကို အတည်ပြုနိုင်ခဲ့ပါက ဥရောပသမဂ္ဂ (EU) သည် IRGC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင် သတ်မှတ် ထားသည့် အမေရိကန်၊ အစ္စရေး၊ ကနေဒါ၊ သြစတြေးလျ၊ ဆော်ဒီ အာရေးဗီးယားနှင့် ဘာရိန်းနိုင်ငံတို့ကဲ့သို့ အနည်းငယ်သော နိုင်ငံစာရင်းတွင် ပါဝင်လာမည် ဖြစ်သည်။
ဝါရှင်တန်ဒီစီသည် ၂၀၁၉ ခုနှစ်၊ သမ္မတ ဒေါ်နယ်ထရမ့်၏ ပထမ သက်တမ်းအတွင်း IRGC ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါသတ်မှတ်ချက်ကို အကြောင်းပြချက် အဖြစ် အသုံးပြုကာ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလတွင် အီရတ်နိုင်ငံ ပိုင်နက် အတွင်း၌ ဝါရင့်တပ်မှူးကြီး ကာဆမ် ဆိုလေမနီ (Qasem Soleimani) ကို ဒရုန်းဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့သည်။
အီရန်နိုင်ငံကမူ ယခုကဲ့သို့ သတ်မှတ်မှုမျိုးကို ပြင်းထန်သော တုံ့ပြန်မှု များဖြင့် ရင်ဆိုင်သွားမည်ဟု အစဉ်တစိုက် သတိပေးထားသည်။ ၂၀၁၉ ခုနှစ်တွင် တီဟီရန်အစိုးရသည် အမေရိကန် အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တရားဝင် ပြန်လည် သတ်မှတ်ခဲ့သည်။ ၂၀၂၃ ခုနှစ်အစောပိုင်းတွင် IRGC ကို အမည်ပျက် စာရင်းသွင်းရန် ဥရောပပါလီမန်၏ အတည်မပြုရသေးသော (Non-binding) ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက်၊ အီရန်လွှတ်တော်က EU အဖွဲ့ဝင် နိုင်ငံအားလုံး၏ လက်နက်ကိုင်တပ်ဖွဲ့များကို အကြမ်းဖက် အဖွဲ့အစည်း များအဖြစ် သတ်မှတ်မည့် ဥပဒေကြမ်းကို ရေးဆွဲခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
