ဂါဇာ ဘက်စုံရေရှည်အပစ်ရပ်ရေး တွန်းအားပေးရန် တရုတ် ကိုယ်စားလှယ် တိုက်တွန်း

News Image

  • ဂါဇာ ဘက်စုံ ရေရှည်အပစ်ရပ်ရေး တွန်းအားပေးရန် တရုတ် ကိုယ်စားလှယ် တိုက်တွန်း

ဂါဇာ ဘက်စုံရေရှည်အပစ်ရပ်ရေး တွန်းအားပေးရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်း ကိုယ်စားလှယ် ဖုချုံးက ဇန်နဝါရီ ၂၈ ရက် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

ဖုချုံးက လက်ရှိ အရှေ့အလယ်ပိုင်းသည် သမိုင်း၏လမ်းဆုံတွင် ထပ်မံရောက်ရှိနေရာ လုံခြုံရေးအခြေအနေမှာ အကဲဆတ်၍ ထိလွယ်ရှလွယ်ဖြစ်နေပြီး ပဋိပက္ခအမျိုးမျိုး အထပ်ထပ်ဖြစ်ပွားနေကြောင်း၊ ပါလက်စတိုင်းအရေးသည် အရှေ့အလယ်ပိုင်းအရေး၏ အချက်အချာဖြစ်နေဆဲဖြစ်ပြီး နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် သဘောတူညီချက်များကို တစ်ဆင့်တိုးစုစည်းကာ ပါလက်စတိုင်းအရေး ဆောလျင်စွာ ဘက်စုံ၊ တရားမျှတစွာ ရေရှည်ဖြေရှင်းနိုင်ရေးကို တွန်းအားပေးသင့်ကြောင်း ပြောကြား ခဲ့သည်။

ဂါဇာ ပထမအဆင့် အပစ်ရပ်ရေးသဘောတူညီချက်ရရှိသည်မှာ သုံးလကျော်ကြာရှိလာပြီဖြစ်သော်လည်း စစ်ရေးတိုက်ခိုက်မှုများမှာ ရပ်စဲမှုမရှိသေးသလို အရပ်သားပြည်သူများ သေဆုံးဒဏ်ရာရမှုများ အဆက်မပြတ်မြင့်တက်လျက်ရှိကြောင်း ဖုချုံးက ထောက်ပြပြောကြားခဲ့သည်။ ဂျော်ဒန်မြစ် အနောက် ဘက်ကမ်း အခြေအနေတင်းမာလာရာ သိမ်းပိုက်သူဘက်မှ အခြေချနေထိုင်သည့်နေရာများကို အဆက်မပြတ်တိုးချဲ့ကာ အခြေချနေထိုင်သူများအား ထင်သလိုအကြမ်းဖက်ခွင့်ပေးနေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံ အထူးသဖြင့် အစ္စရေးက အပစ်ရပ်ရေးသဘောတူညီချက်ကို ဘက်စုံလေးစားလိုက်နာရန်၊ ဂါဇာ ဘက်စုံရေရှည်အပစ်ရပ်ရေးဖော်ဆောင်မှုကို တွန်းအားပေးရန် တိုက်တွန်းကြောင်း၊ အစ္စရေးအနေဖြင့် အခြေချနေထိုင်သည့်နေရာများ၌ လှုပ်ရှားမှုကို ချက်ချင်းရပ်တန့်သင့်သလို အခြေချနေထိုင်သူများ၏ အကြမ်းဖက်မှုကို တားဆီးသင့်ကြောင်း ၎င်းက ပြောကြား ခဲ့သည်။

ဂါဇာ လူသားချင်းစာနာထောက်ထားမှုအခြေအနေများသည် အရေးပေါ်စိုးရိမ်ဖွယ်ရာ ဖြစ်နေဆဲဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ဝင်ရောက်မှုမှာ အကန့်အသတ်ခံနေရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အစ္စရေးက အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေ ဝတ္တရားများ ဖော်ဆောင်ရန်၊ နယ်စပ်ဖြတ်သန်းရာ နေရာအားလုံးကိုဖွင့်လှစ်ပြီး လူသားချင်းစာနာ ထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ဝင်ရောက်မှုကန့်သတ်ချက်များကို ဖယ်ရှားရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများအပေါ်ဖိနှိပ်မှုများကို ရပ်တန့်ရန် တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

မကြာမီရက်ပိုင်းက အရှေ့ဂျေရုဆလမ်ရှိ ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂကယ်ဆယ်ရေးနှင့် လုပ်ငန်းများဆောင်ရွက်ရေးအဖွဲ့ (UNRWA) ရုံးခန်းများ အတင်းအကျပ်ဖြိုဖျက်ခြင်းနှင့် မီးရှို့ခြင်းခံခဲ့ရကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံအနေဖြင် အထူးစိုးရိမ်ပူပန်ကြောင်း၊ ယင်းလုပ်ငန်းရုံးများ၏ အထူးအခွင့်အာဏာ၊ ကင်းလွတ်ခွင့်နှင့် ပုံမှန်တာဝန်ထမ်းဆောင်မှုများကို အာမခံပေးရန် အစ္စရေးတွင် တာဝန်ဝတ္တရားရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂါဇာသည် ပါလက်စတိုင်းပြည်သူများ၏မိသားစုဥယျာဉ် ဖြစ်ရာ ဂါဇာ၏ စစ်ပွဲအလွန်စီစဉ်မှုများသည် ပါလက်စတိုင်းအရေးအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းနှင့်သက်ဆိုင်ကြောင်း၊ ဂါဇာအနာဂတ် နှင့်စပ်လျဉ်းသည့် စီစဉ်မှုမှန်သမျှသည် “ပါလက်စတိုင်းအား ပါလက်စတိုင်းသားများ စီမံအုပ်ချုပ်ခြင်း” အခြေခံမူကို အခိုင်အမာလက်ကိုင်ထားသင့်သလို ပါလက်စတိုင်းပြည်သူများ၏ သဘောဆန္ဒကို လေးစားရန်၊ အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ကျိုးကြောင်းဆီလျော်သည့်စိုးရိမ်ပူပန်မှုများကို ကြည့်ရှုရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” နှင့် ချိတ်ဆက်ရန် ဆောင်ရွက်သင့်ကြောင်း ဖုချုံးက အလေးထား ပြောကြားခဲ့သည်။

ဂါဇာစစ်ပွဲအလွန် စီမံခန့်ခွဲမှုတွင် ပါလက်စတိုင်း၏ ပင်မအခန်းကဏ္ဍမှ ပါဝင်မှုကို တရုတ်နိုင်ငံက ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ၏ ပခုံးထက်တွင် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၏ ထိပ်တန်းတာဝန်ကို ထမ်းရွက်ထားရာ ဂါဇာအခြေအနေနှင့် စစ်ပွဲအလွန် စီစဉ်မှုများကို ဆက်လက်၍ အနီးကပ်စောင့်ကြည့်ကာ ရှိသင့်သည့်အခန်းကဏ္ဍမှ ပါဝင်သွားသင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ကိုးကား - Xinhua