ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်ဆက်နွှယ်မှုများအပေါ် သက်သေထွက်ဆိုရန် ဗြိတိန် ဝန်ကြီးချုပ်က မင်းသား Andrew အား တောင်းဆို

News Image

  • ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်ဆက်နွှယ်မှုများအပေါ် သက်သေထွက်ဆိုရန် ဗြိတိန် ဝန်ကြီးချုပ်က မင်းသား Andrew အား တောင်းဆို

ဗြိတိန်ဝန်ကြီးချုပ် Keir Starmer က အမေရိကန် တရားရေးဌာနမှ နောက်ဆုံးထုတ်ပြန်လိုက်သော အက်ပ်စတိန်းဖိုင်တွဲများတွင် တော်ဝင်မိသားစုဝင်ဟောင်း Andrew Mountbatten-Windsor ၏ အမည်မှာ အများအပြားပါဝင်နေခြင်းကြောင့် ၎င်းအနေဖြင့် အမေရိကန်လွှတ်တော်တွင် ထွက်ဆိုချက်ပေးရန် တိုက်တွန်းပြောကြားလိုက်သည်။

အဆိုပါ စာရွက်စာတမ်းများကို ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည့် "အက်ပ်စတိန်းဖိုင်များ ပွင့်လင်းမြင်သာမှုရှိစေရေး အက်ဥပဒေ" (Epstein Files Transparency Act) အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းဥပဒေသည် ဂျက်ဖရီ အက်ပ်စတိန်းအား စုံစမ်းစစ်ဆေးမှုများနှင့် ဆက်နွှယ်နေသော ဖက်ဒရယ်မှတ်တမ်းများကိုထုတ်ပြန်ရန် တရားရေးဌာနအား တာဝန်ပေးထားခြင်းဖြစ်သည်။

လွန်ခဲ့သည့်နှစ်က တော်ဝင်ဘွဲ့တံဆိပ်များ ရုပ်သိမ်းခံထားရသည့် Mountbatten-Windsor သည် သောကြာနေ့ (ဇန်နဝါရီ ၃၀) က ထုတ်ပြန်လိုက်သော ဖိုင်တွဲများထဲရှိ အီးမေးလ်များနှင့် ဓာတ်ပုံများတွင် ပါဝင်နေသည်ကို တွေ့ရသည်။ စနေနေ့ (ဇန်နဝါရီ ၃၁) က သတင်းထောက်များနှင့်တွေ့ဆုံရာတွင် ဝန်ကြီးချုပ် Starmer က "မင်းသားဟောင်းအနေဖြင့် တောင်းပန်မှုပြုသင့်/ မသင့်နှင့် အကယ်၍ အမေရိကန် ဥပဒေပြုအမတ်များက တောင်းဆိုလာပါက သက်သေထွက်ဆိုချက် ပေးသင့်/ မသင့်" ဟူသော မေးခွန်းကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

"ပထမဦးဆုံးအနေဖြင့် ကျွန်တော်သည် ထိုမေးခွန်းကို အက်ပ်စတိန်း၏ သားကောင်ဖြစ်ခဲ့ရသူတွေကို အမြဲတမ်း ရှေ့တန်းတင်ပြီး စဉ်းစားပါသည် ၊ ၎င်းတို့ကိုပဲ ဦးစားပေးရပါမည် ၊ တောင်းပန်မှု ပြု၊ မပြု ဆိုတာကတော့ Andrew ၏ အပိုင်းပဲ ဖြစ်ပါသည်" ဟု ဆိုသည်။

ဆက်လက်၍ "သို့သော်ငြားလည်း သက်သေထွက်ဆိုဖို့ ကိစ္စမှာတော့ သတင်းအချက်အလက် သိရှိထားသူ မည်သူမဆို ၎င်းတို့ကို တောင်းဆိုလာသည့် နည်းလမ်းမျိုးစုံဖြင့် အချက်အလက်တွေကိုဝေမျှပေးဖို့ အဆင်သင့် ရှိနေသင့်သည်ဟု ကျွန်တော် အမြဲတမ်းပြောခဲ့ပါသည် ၊ ထိုသို့လုပ်ဖို့ အဆင်သင့်မဖြစ်ဘဲ သားကောင်ဖြစ်ခဲ့ရသူတွေကို ဗဟိုပြု စဉ်းစားပေးသည်ဟု ပြော၍မရပါ" ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဘုရင် ချားလ်စ် (King Charles III) ၏ ညီတော်ဖြစ်သူသည် အမှားအယွင်း တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း အကြိမ်ကြိမ်ငြင်းဆိုထားပြီး၊ ၂၀၀၈ ခုနှစ်က အက်ပ်စတိုင်းသည် အရွယ်မရောက်သေးသူအား ပြည့်တန်ဆာ အဖြစ်စည်းရုံးသိမ်းသွင်းမှုဖြင့် ပထမဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်ခံရပြီးနောက်ပိုင်း ၎င်းနှင့်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ကြောင်း အစောပိုင်း က ပြောဆိုခဲ့ဖူးသည်။ 

သို့သော်လည်း ယခုနောက်ဆုံးထွက်ပေါ်လာသော စာရွက်စာတမ်းများတွင် ၂၀၁၀ ပြည့်နှစ်က ၎င်းတို့နှစ်ဦးအကြား အပြန်အလှန်ပေးပို့ခဲ့သည့် အီးမေးလ်များနှင့် ဓာတ်ပုံများ ပါဝင်နေသည်။ ယင်းမှာ နာမည်ပျက်ဖြင့် သေဆုံးသွားခဲ့သူ အက်ပ်စတိန်းက ဖလော်ရီဒါပြည်နယ်တွင် ပြစ်မှုထင်ရှားကြောင်းဝန်ခံခဲ့ပြီး နှစ်နှစ်အကြာတွင် ဖြစ်သည်။

အဆိုပါ ဓာတ်ပုံများတွင် မင်းသားဟောင်းသည် ကြမ်းပြင်ပေါ်၌ လဲလျောင်းနေသော မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သည့် အမျိုးသမီးတစ်ဦး၏ အနီးတွင် ဒူးထောက်နေသည်ကို တွေ့ရသော်လည်း၊ မည်သည့်နေရာ သို့မဟုတ် မည်သည့်အချိန်တွင် ရိုက်ကူးခဲ့သည်ဟူသောအကြောင်းအရာ (Context) ကိုမူ ဖော်ပြထားခြင်းမရှိပေ။ ထို့အပြင် အီးမေးလ်များထဲတွင် အက်ပ်စတိန်းက အသက် ၂၆ နှစ်အရွယ် "လှပပြီး ယုံကြည်စိတ်ချရသော" ရုရှားအမျိုးသမီးတစ်ဦးနှင့်အတူ ညစာစားရန် Andrew အား အဆိုပြုထားသည်ကိုလည်း တွေ့ရှိရသည်။

လွန်ခဲ့သည့်နှစ် ဧပြီလတွင် ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သွားခဲ့သူ Virginia Giuffre နှင့် ပတ်သက်သောအငြင်းပွားမှုများ တစ်ကျော့ပြန် ပေါ်ပေါက်လာပြီးနောက် ဘုရင်ကြီးက ၎င်း၏ ညီတော်ထံမှ တော်ဝင်ဘွဲ့တံဆိပ်များနှင့် ဂုဏ်ထူးဆောင်ဘွဲ့များကို ရုပ်သိမ်းခဲ့သည်။ ၂၀၂၂ ခုနှစ် တွင် Andrew သည် Giuffre နှင့် တရားမမှုဖြင့် ကျေအေးခဲ့ဖူးပြီး ၎င်းသည် အသက် ၁၇ နှစ်အရွယ် (၂၀၀၁ ခုနှစ်) က မင်းသား၏ အဓမ္မပြုကျင့်မှုကို သုံးကြိမ်တိုင်တိုင်ခံခဲ့ရသည်ဟု စွပ်စွဲခဲ့သူ ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂