တရုတ်နိုင်ငံတွင် စစ်ဘက်ဆိုင်ရာအသုံးစရိတ်များကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုနေသူများကို ဖယ်ရှားရှင်းလင်းပစ်ရန် စစ်ဆေးနေ

News Image

  • တရုတ်နိုင်ငံတွင် စစ်ဘက်ဆိုင်ရာအသုံးစရိတ်များကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုနေသူများကို ဖယ်ရှားရှင်းလင်းပစ်ရန် စစ်ဆေးနေ

တရုတ်ထိပ်သီး ဗိုလ်ချုပ်ကြီးနှစ်ဦးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီးနောက် ရက်ပိုင်းအကြာတွင် စစ်ဘက်ဆိုင်ရာရန်ပုံငွေများကို အလွဲသုံးစားလုပ်သည့် အရာရှိများကို အပြစ်ပေးအရေးယူရမည့် "ကြွက်စုတ်ကြီးများ" ဟု တရုတ်စစ်ဘက်ဆိုင်ရာ သတင်းစာက ဖော်ပြလိုက်သည်။

ဇန်နဝါရီလ ၃၀ ရက်နေ့ထုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နေ့စဉ်သတင်းစာ (PLA Daily) တွင် ဖော်ပြထားသော အမျိုးသားကာကွယ်ရေးတက္ကသိုလ် သုတေသနဌာန၏ တိုက်တွန်းချက်၌ "တိုက်ပွဲဝင်နိုင်စွမ်း တည်ဆောက်ရေးလုပ်ငန်းစဉ်ကို ထိခိုက်စေသည့် အဂတိလိုက်စားမှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရန်၊ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်နှင့် စစ်ဘက်ဆိုင်ရာရန်ပုံငွေများကို ခိုးယူဝါးမျိုနေသည့် 'ကြွက်စုတ်ကြီးများ' ကို အမြစ်ပြတ်ဖယ်ရှားရန် လိုအပ်သည်" ဟု ရေးသားထားသည်။

ထို့အပြင် တရုတ်အာဏာပိုင်များအနေဖြင့် "နိုင်ငံရေးနှင့် စီးပွားရေးအကျိုးစီးပွားများ ရောယှက်နေသည့်" အမှုအခင်းများကို ဦးစားပေးကိုင်တွယ်သင့်ကြောင်းနှင့် စစ်တပ်နှင့် ဒေသန္တရအစိုးရများအကြား ဆက်စပ်ပတ်သက်နေသည့် နယ်ပယ်များတွင် စည်းကမ်းပိုင်းကို ပိုမိုတင်းကျပ်ရန်လည်း အဆိုပါဆောင်းပါးက အကြံပြုထားသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် PLA Daily သတင်းစာ၏ မျက်နှာဖုံး အယ်ဒီတာ့အာဘော်တွင် တရုတ်နိုင်ငံ၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကမ်ပိန်းတွင် "တားမြစ်နယ်မြေ" (forbidden zones) ဟူ၍ မရှိကြောင်း ဖော်ပြထားသည်။ ထိုသို့ သုတ်သင်ရှင်းလင်းမှုများကြောင့် ရေတိုတွင် အခက်အခဲနှင့် နာကျင်မှုအချို့ရှိနိုင်သော်လည်း တရုတ်စစ်တပ်သည် ပိုမိုကြံ့ခိုင်ပြီး သန်မာလာမည်ဟု အဆိုပါ ဆောင်းပါးက ဆိုသည်။

အလားတူပင် တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း "စစ်တပ်အတွင်း အဂတိလိုက်စားမှုကို ပိုမိုပြင်းထန်စွာ တိုက်ဖျက်လေလေ၊ စစ်တပ်သည် ပိုမိုသန်မာသန့်ရှင်းပြီး တိုက်ပွဲဝင်စွမ်းရည် ပိုမိုထိရောက်လာလေလေ ဖြစ်လိမ့်မည်" ဟု ပြောကြားခဲ့သည်။

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနသည် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဥက္ကဋ္ဌ ကျန်းယူရှ (Zhang Youxia) နှင့် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် လျူကျန်းလီ (Liu Zhenli) တို့ကို "စည်းကမ်းနှင့်ဥပဒေအား ပြင်းထန်စွာချိုးဖောက်မှု" သံသယဖြင့် စုံစမ်းစစ်ဆေးနေကြောင်း ဇန်နဝါရီ ၂၄ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည်။

ကျန်းနှင့် လျူတို့သည် ရာထူးကြီးပိုင်းများဖြစ်ကြသော်လည်း တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်တို့အပေါ် "ယုံကြည်မှုကို ပြင်းပြင်းထန်ထန် သစ္စာဖောက်ဖျက်ခဲ့သည်" ဟု စွပ်စွဲခံထားရသည်။ ထို့အပြင် ၎င်းတို့သည် "ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ၏ အမြင့်ဆုံးတာဝန်ခံမှုစနစ်ကို ပြင်းပြင်းထန်ထန် နင်းခြေဖျက်ဆီးခဲ့သည်" ဟုလည်း စွပ်စွဲထားသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂