ဂျာမနီတစ်ဝှမ်း အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်သားများ သပိတ်မှောက်မှုကြောင့် မြို့ကြီးများ ရပ်ဆိုင်းလုနီးပါးဖြစ်နေ

News Image

  • ဂျာမနီတစ်ဝှမ်း အများပြည်သူသယ်ယူပို့ဆောင်ရေးလုပ်သားများ သပိတ်မှောက်မှုကြောင့် မြို့ကြီးများ ရပ်ဆိုင်းလုနီးပါးဖြစ်နေ

ဂျာမနီနိုင်ငံတစ်ဝှမ်းရှိ မြို့ကြီးများတွင် အများပြည်သူသယ်ယူ ပို့ဆောင်ရေးလုပ်သား သောင်းနှင့်ချီ၍ အကြီးအကျယ်သပိတ်မှောက်မှုကြောင့် ဘတ်စ်ကား၊ ဓာတ်ရထားနှင့် မြေအောက်ရထားဝန်ဆောင်မှုများ ရပ်ဆိုင်းကာ သွားလာလှုပ်ရှားမှုများ အားလုံးနီးပါး လည်ပတ်မှုပြတ်တောက်လျက်ရှိသည်။

Verdi ကုန်သွယ်ရေးသမဂ္ဂက ဦးဆောင်သည့် အဆိုပါသပိတ်သည် အလုပ်သမား ၁၀၀,၀၀၀ ခန့်ကို ကိုယ်စားပြုပြီး လုပ်ခလစာတိုးမြှင့်ရန်၊ အလုပ်ချိန်လျှော့ချရန်နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်အခြေအနေများရရှိရန် တောင်းဆိုထားသည်။ လက်ရှိတွင် အလွန်အေးခဲသောရာသီဥတုနှင့် ရင်ဆိုင်နေရသော်လည်း အလုပ်သမား ကိုယ်စားလှယ်များက စားဝတ်နေရေး အငြင်းပွားမှုမှာ စောင့်ဆိုင်း၍မရကြောင်း ပြောကြားထားပြီး ဖေဖော်ဝါရီ ၉ ရက်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲ၌ သဘောတူညီမှုမရပါက သပိတ်များ ဆက်လက်ဖြစ်ပွားနိုင်ကြောင်း သတိပေးထားသည်။

တစ်ဖက်တွင်လည်း ဂျာမနီနိုင်ငံသည် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ကြီးမားသောအကျပ်အတည်းများကြားတွင် ရုန်းကန်နေရသည်။ ၂၀၂၃ နှင့် ၂၀၂၄ ခုနှစ်များတွင် စီးပွားပျက်ကပ်နှင့်ကြုံတွေ့ခဲ့ရပြီးနောက် ၂၀၂၅ ခုနှစ်တွင်လည်း စီးပွားရေးတိုးတက်မှုမှာ ရပ်တန့်လုနီးပါး ဖြစ်နေခဲ့သည်။ စစ်ဘက်ဆိုင်ရာအသုံးစရိတ် မြင့်တက်လာခြင်းနှင့် ယူကရိန်းသို့ ဆက်လက် ထောက်ပံ့နေရခြင်းတို့ကြောင့် ၁၉၉၀ ပြည့်နှစ် ဂျာမနီနှစ်နိုင်ငံ ပြန်လည် ပေါင်းစည်းပြီးနောက်ပိုင်း အကြီးမားဆုံးဘတ်ဂျက်လိုငွေပြမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဗဟိုဘဏ်က ခန့်မှန်းထားသည်။

ထိုအခြေအနေများအပေါ် ဝန်ကြီးချုပ် ဖရစ်ဒရစ် မာ့ဇ် (Friedrich Merz) က နိုင်ငံ၏ စီးပွားရေးမှာ "ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း" အတွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဝန်ခံထားပြီး လက်ရှိအခြေအနေအရ လူမှုဖူလုံရေးကဏ္ဍများကို ဆက်လက်ထောက်ပံ့ရန် ခက်ခဲလာနိုင်ကြောင်း သတိပေးခဲ့သည်။ 

ထို့အပြင် ၎င်းက ဂျာမန်လုပ်သားများ၏ အလုပ်အကိုင်ကျင့်ဝတ်နှင့် ခွင့်ယူမှုနှုန်းများပြားခြင်းကို ဝေဖန်ခဲ့ပြီး မြင့်မားနေသော လုပ်အားခစရိတ်များကိုလျှော့ချကာ စီးပွားရေးပြန်လည်ဦးမော့လာစေရန် ပိုမိုကြိုးစား အလုပ်လုပ်ကြရန် တိုက်တွန်းပြောဆိုထားသဖြင့် အစိုးရနှင့် အလုပ်သမားထုအကြား တင်းမာမှုများ ပိုမိုမြင့်တက်လျက်ရှိသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂