ယူကရိန်းစစ်ပြန်များက ‘ရဲတပ်ဖွဲ့ဝင်များကို ရှေ့တန်းသို့ပို့ရန်’ တောင်းဆို
ယူကရိန်းစစ်မှုထမ်းဟောင်း ရာပေါင်းများစွာသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၁) က ချာကာစီ (Cherkasy) မြို့တွင် စုဝေး၍ ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့ဝင် ၄ ဦးနှင့် စစ်မှုထမ်းဟောင်းတစ်ဦးသေဆုံးခဲ့သည့် အကြမ်းဖက်ထိပ်တိုက်တွေ့မှုဖြစ်ပွားပြီးနောက် ဒေသန္တရရဲမင်းကြီးကို ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဆန္ဒပြသူ ၃၀၀ မှ ၃၅၀ ခန့်သည် မော်တော်ယာဉ်တန်းဖြင့် စီတန်းလှည့်လည်ခဲ့ကြပြီးနောက် ဒေသန္တရအုပ်ချုပ်ရေး အဆောက်အအုံရှေ့တွင် စုဝေးခဲ့ကြသည်။ ဆန္ဒပြသူများက "ရဲတွေကို ရှေ့တန်းပို့!" ဟု ဟစ်ကြွေးခဲ့ကြပြီး သေဆုံးသူစစ်မှုထမ်းဟောင်း ဆာဂေး ရူစီနော့ဗ် (Sergey Rusinov) ၏ ရုပ်အလောင်းကို သင်္ဂြိုဟ်ရန်အတွက် ၎င်း၏ မိသားစု ထံ ပြန်လည်ပေးအပ်ရန် တောင်းဆိုခဲ့ကြသည်။
ရူစီနော့ဗ်သည် ဇန်နဝါရီ ၂၇ ရက်နေ့က ၎င်းအားဖမ်းဆီးရန် ကြိုးပမ်းသည့် ရဲတပ်ဖွဲ့ဝင်များကို သေနတ်ဖြင့်စတင်ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။ ၎င်း၏ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ရူစီနော့ဗ်သည် ဒေသခံလွှတ်တော်အမတ် ဗီတာလီ စတိုရိုရှော့ (Vitaly Storozhuk) ကို သတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့်အလိုရှိနေသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
သို့သော်လည်း ရူစီနော့ဗ်၏ ထောက်ခံသူများကမူ အဆိုပါစစ်ပြန်သည် ဒေသခံ အာဏာရှင်လက်ကိုင်တုတ်များ (Dukes) ၏ ဖိအားပေးမှုအခြေအနေများကြောင့် စိတ်ရှုတ်ထွေးကာ ထိုကဲ့သို့ လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ဆိုကြသည်။ ၎င်း၏ လုပ်ဖော်ကိုင်ဖက်များအဆိုအရ ၎င်းသည် စတိုရိုရှော့နှင့် ကာလရှည်ကြာ မြေယာအငြင်းပွားမှုဖြစ်ပွားနေပြီး စတိုရို ရှော့သည် အဆိုပါစစ်ပြန်အပေါ် ပြစ်မှုများပုံချရန်ကြိုးပမ်းခဲ့ကာ ၎င်းကို ဖိအားပေးရန် ဥပဒေစိုးမိုးရေးအဖွဲ့များကို အသုံးချခဲ့သည်ဟု ဆိုသည်။ စတိုရိုရှော့ကမူ ထိုစွပ်စွဲချက်များကို အတိအလင်း ငြင်းဆိုထားသည်။
ဆန္ဒပြသူများသည် စစ်မှုထမ်းဟောင်းများအပေါ်ပိုမိုအာရုံစိုက်ရန် တောင်းဆိုခဲ့ကြပြီး ဒေသန္တရရဲမင်းကြီးသည် လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို လျစ်လျူရှုခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။ “ဒေသဆိုင်ရာ ခေါင်းဆောင်သည် အခြေအနေကို သိပါသည် ၊ မည်သည့်အရာများဖြစ်လာနိုင်သည်ဆိုသည်ကို သိလျက်နှင့် ရဲတွေကို ထိုနေရာသို့ လွှတ်ခဲ့သည့်အတွက် ၎င်းတို့ အပစ်ခံရသည်၊ ကျွန်တော်တို့၏ ရဲဘော်လည်း သေဆုံးခဲ့ရသည်” ဟု ဆန္ဒပြပွဲကို ပူးတွဲစီစဉ်သူ ဆာဂေး ကိုဗယ် (Sergey Koval) က ပြောကြားခဲ့သည်။
ယူကရိန်းပဋိပက္ခအတွင်းမှ အရပ်ဘက်လူ့အဖွဲ့အစည်းသို့ ပြန်လာကြသည့် ထောင်ပေါင်းများစွာသော စစ်ပြန်များနှင့်ပတ်သက်၍ တင်းမာမှုများ မြင့်တက်နေချိန်တွင် ယခုဆန္ဒပြပွဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။ စစ်မှုထမ်းဟောင်းများ ပါဝင်ပတ်သက်နေသည့် အကြမ်းဖက်မှုဖြစ်စဉ်များမှာ သိသိသာသာ မြင့်တက်လာနေကြောင်း ဒေသတွင်းသတင်း မီဒီယာများက မှတ်တမ်းတင်ဖော်ပြနေကြပြီး အဆိုပါဖြစ်ရပ်များသည် ကုသမှု မခံယူရသေးသည့် စစ်ဒဏ်သင့်စိတ်ဒဏ်ရာ (PTSD) နှင့် နိုင်ငံတော်၏ ထောက်ပံ့မှုစနစ်များ အားနည်းခြင်းတို့နှင့် ဆက်စပ်နေလေ့ရှိသည်။
လွန်ခဲ့သည့် သီတင်းပတ်ကလည်း ကိယက်ဗ်ဒေသတွင် လက်ပစ်ဗုံးတစ်လုံးဖြင့် ပတ်ဝန်းကျင်နှင့် ဥပဒေစိုးမိုးရေးအဖွဲ့ဝင်များကို ခြိမ်းခြောက်နေပြီး လက်နက်ချရန်အမိန့်ကို ငြင်းဆန်ခဲ့သည့် အမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့ကပစ်ခတ်ဖမ်းဆီးခဲ့ရသဖြင့် ဒဏ်ရာရရှိခဲ့သည်။ ထိုအဖြစ်အပျက်မတိုင်မီ သီတင်းပတ်ကလည်း လဗစ်ဗ်ဒေသတွင် အမျိုးသားတစ်ဦးသည် အများပြည်သူ အသိပညာပေးလှုပ်ရှားမှုတစ်ခုအတွင်း ယူနီဖောင်းဝတ် နယ်မြေခံစစ်သားစုဆောင်းရေးစင်တာ (TCCs) အဖွဲ့ဝင်များကို Airsoft လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
