မူးယစ်ဂိုဏ်းများနှင့်ပတ်သက်၍ သံတမန်ရေးအရ အငြင်းပွားမှုများဖြစ်ပွားပြီးနောက် ထရမ့်နှင့် ကိုလံဘီယာသမ္မတ ပတ်ထရိုတို့ တွေ့ဆုံ

News Image

  • မူးယစ်ဂိုဏ်းများနှင့်ပတ်သက်၍ သံတမန်ရေးအရ အငြင်းပွားမှုများဖြစ်ပွားပြီးနောက် ထရမ့်နှင့် ကိုလံဘီယာသမ္မတ ပတ်ထရိုတို့ တွေ့ဆုံ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကိုလံဘီယာသမ္မတ ဂူစတာဗို ပတ်ထရိုနှင့် အင်္ဂါနေ့ (ဖေဖော်ဝါရီ ၃) က အိမ်ဖြူတော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ယင်းသည် ခေါင်းဆောင်နှစ်ဦးကြား မူးယစ်ဆေးဝါး မှောင်ခိုမှုနှင့် ဗင်နီဇွဲလားနိုင်ငံအတွင်း အမေရိကန်၏ စစ်ရေးစီးနင်းမှုတို့ နှင့်ပတ်သက်၍ အပြန်အလှန် ဝေဖန်ပုတ်ခတ်ခဲ့ကြပြီး သီတင်းပတ် အနည်းငယ်အကြာတွင် ဖြစ်သည်။

ကာရေဘီယံပင်လယ်အတွင်း မူးယစ်ဂိုဏ်းပိုင်ဟုယူဆရသော သင်္ဘောများကို ထရမ့်က တိုက်ခိုက်ခဲ့ခြင်းအပေါ် ပတ်ထရိုက ရက်စက်ကြမ်းကြုတ်သည်ဟု ရှုတ်ချခဲ့ခြင်းနှင့် အမေရိကန် လူဝင်မှုကြီးကြပ်ရေးအရာရှိများက ကိုလံဘီယာနိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောဆိုပြီးနောက် လွန်ခဲ့သည့်နှစ်တွင် အမေရိကန်က ပတ်ထရို၏ ဗီဇာကို ပယ်ဖျက်ခဲ့သည်။ ထရမ့်ကလည်း တစ်ဖန် ပတ်ထရိုအား "မူးယစ်ဆေးဝါး မှောင်ခိုခေါင်းဆောင်" ဟု ခေါ်ဆိုခဲ့သည်။ 

ပတ်ထရို၏ ဝါရှင်တန်ခရီးစဉ်မတိုင်မီတွင် နှစ်ဦးစလုံးက ရန်လိုမှု လျှော့ချသည့်လေသံဖြင့် ပြောဆိုခဲ့ကြသည်။ "၎င်းနှင့် ကျွန်တော်က အရင်းနှီးဆုံး သူငယ်ချင်းတွေတော့ မဟုတ်သော်လည်း ကျွန်တော် ၎င်းကို တစ်ခါမျှ မတွေ့ဖူးသည့်အတွက် ၎င်း၏ ပြောဆိုမှုတွေကို စော်ကားခံရသည်ဟု မခံစားရပါ ၊ ကျွန်တော် ၎င်းကို လုံးဝ မသိခဲ့ပါ၊ ယခုတော့ ကျွန်တော်တို့ အဆင်ပြေပြေ ဆက်ဆံနိုင်ခဲ့ကြပါပြီ" ဟု သမ္မတရုံးခန်းအတွင်း ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ခေါင်းဆောင်နှစ်ဦးသည် ပိတ်ဆို့အရေးယူမှုများအကြောင်း ဆွေးနွေးခဲ့ကြပြီး မူးယစ်ဂိုဏ်းများကို တိုက်ဖျက်ရန် လုပ်ဆောင်နေကြကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

ပတ်ထရိုကလည်း ၎င်းတို့ကြား ကွာဟချက်များရှိနေသော်လည်း ဆွေးနွေးမှုများသည် "အလွန် အပြုသဘောဆောင်ပါသည်" ဟု ပြောကြားခဲ့သည်။ "ကျွန်တော်တို့သည် ယဉ်ကျေးမှု သို့မဟုတ် သမိုင်းဆိုင်ရာအမြင်အရ အလွန်ကွဲပြားနိုင်သော်လည်း ကျွန်တော်တို့ တူညီတာကတော့ လွတ်လပ်မှုကို မြတ်နိုးတာပဲ ဖြစ်ပါသည် ၊ ထိုတူညီမှုကနေပဲ လွတ်လပ်မှုအတွက် ပဋိညာဉ်တစ်ခု ပြုလုပ်နိုင်သည်ဆိုသည့်စိတ်ကူးနှင့် စကားဝိုင်းကို စတင်ခဲ့တာပါ" ဟု ပြောကြားခဲ့ကြောင်း BBC က ဖော်ပြ ခဲ့သည်။

ကိုလံဘီယာ သမ္မတရုံးက ပြောကြားရာတွင် ပတ်ထရိုသည် မူးယစ်ဆေးဝါးကုန်သွယ်မှုနှင့် ဆက်နွှယ်နေသည့် ရာဇဝတ်မှုဆိုင်ရာ အဖွဲ့အစည်းများ၏ အမည်များနှင့် သတင်းအချက်အလက်များကို ထရမ့်ထံပေးအပ်ခဲ့ပြီး ၎င်း၏ နိုင်ငံကို မူးယစ်ဂိုဏ်းများ တိုက်ဖျက်ရေးတွင် ဗျူဟာမြောက်မဟာမိတ်အဖြစ် တင်ပြခဲ့သည်ဟု ဆိုသည်။ ပတ်ထရိုသည် ၎င်း၏ အစိုးရက ရာဇဝတ်ဂိုဏ်းများထံမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိရာတွင် ရရှိခဲ့သည့် သမိုင်းဝင်ရလဒ်များအကြောင်းကိုလည်း ပြောကြားခဲ့သည်။

ဇန်နဝါရီလအစောပိုင်းတွင် အမေရိကန်ကွန်မန်ဒိုများက ဗင်နီဇွဲလား သမ္မတ နီကိုလပ်စ် မာဒူရိုကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းအားရှုတ်ချခဲ့သူ ပတ်ထရိုသည် ကရာကတ်စ်နှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်စေရေးလုပ်ဆောင်ရန် ထရမ့်ကို တိုက်တွန်းခဲ့ကြောင်း ၎င်း၏ ရုံးက ပြောကြားချက်အရ သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂