ရုရှားနိုင်ငံသည် အီရန်နိုင်ငံမှ သန့်စင်ပြီးယူရေနီယံများအား ဖယ်ရှားပေးရန်ဆန္ဒရှိနေ

News Image

  • ရုရှားနိုင်ငံသည် အီရန်နိုင်ငံမှ သန့်စင်ပြီးယူရေနီယံများအား ဖယ်ရှား ပေးရန် ဆန္ဒရှိနေ

အီရန်နိုင်ငံတွင် ကျန်ရှိနေသည့် သန့်စင်ပြီးယူရေနီယံ (Enriched Uranium) များအား ရုရှားနိုင်ငံက လက်ခံရယူရန်ဆန္ဒရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၄) က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဇာခါရိုဗာက “အဆိုပါ ယူရေနီယံလက်ကျန်များသည် အီရန်နိုင်ငံ၏ ပိုင်ဆိုင်မှုသာဖြစ်ကြောင်းမှတ်သားရန် အရေးကြီးပါသည်။ ထိုပစ္စည်းများ ရှိနေခြင်းသည် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ် (NPT) အရ အီရန်၏ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် လုံးဝဆန့်ကျင်ခြင်း မရှိပါ” ဟု ပြောကြားခဲ့ကြောင်း Kommersant သတင်းဌာနက ဖော်ပြခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် ၎င်းပစ္စည်းများအပေါ် အပြည့်အဝ ပိုင်ဆိုင်ခွင့်ရှိပြီး အီရန်ပိုင်နက်ပြင်ပသို့ ဖယ်ရှားရန် သို့မဟုတ် မည်သည့် နေရာသို့ တင်ပို့ရန် ဆုံးဖြတ်ခြင်းများကိုလည်း အီရန်ကသာ လုပ်ဆောင်နိုင်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့သည်။ ထိုထုတ်ပြန်ချက်သည် အီရန်နှင့် အမေရိကန်ကြား ဖြစ်ပွားနေသော တင်းမာမှုများကိုထိန်းချုပ်ရန် နိုင်ငံတကာမှ ကြိုးပမ်းနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။ 

တနင်္လာနေ့ (ဖေဖော်ဝါရီ ၂) ထုတ် ကူဝိတ်သတင်းစာ Al-Jarida ၏ ဖော်ပြချက်အရ အမေရိကန်က တီဟီရန်ကို ချက်ချင်းတိုက်ခိုက်နိုင်ခြေလျော့နည်းသွားပြီး ရုရှား၊ တူရကီနှင့် ကာတာနိုင်ငံတို့၏ အထူးအလေးပေး စေ့စပ်ညှိနှိုင်းမှုများကြောင့် သံတမန်ရေးလမ်းကြောင်းအတွက် အခွင့်အရေးသစ်များ ပေါ်ပေါက်လာခဲ့သည်။

အီရန်နိုင်ငံမှ သန့်စင်ပြီးယူရေနီယံများကို ဖယ်ရှားပေးရန် ရုရှားက ပြီးခဲ့သည့် နွေရာသီကတည်းက ပထမဆုံး အကြံပြုခဲ့ခြင်းဖြစ်သည်။ ရုရှားသည် ထိုယူရေနီယံများကို သယ်ဆောင်သွားပြီး ပြန်လည်ပြုပြင်မွမ်းမံကာ အီရန်၏ နျူကလီးယားစက်ရုံများသို့ ပြန်လည် ပေးပို့နိုင်ကြောင်းပြောကြားခဲ့သည်။ ထို့ပြင် ရုရှားသည် ၎င်း၏အဆိုပြုချက်ကို အီရန်၊ အမေရိကန်နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့ထံ အကြောင်းကြားခဲ့သည်။ သို့သော်လည်း အီရန်အာဏာပိုင်များဘက်က လူသိရှင်ကြား တိကျသောတုံ့ပြန်မှု တစ်စုံတစ်ရာပေးခြင်း မရှိသေးပေ။

ဇန်နဝါရီလအတွင်းကလည်း ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ် က အမေရိကန်နှင့် အီရန်ကြား ပဋိပက္ခများ ပိုမိုပြင်းထန် မလာစေရန်အတွက် ကူညီပေးရန် ရုရှားက အသင့်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂