ယူကရိန်းပဋိပက္ခကို နွေရာသီတွင် အဆုံးသတ်ရန် အမေရိကန် လိုလားနေကြောင်း ဇီလန်စကီး ပြောကြား

News Image

  • ယူကရိန်းပဋိပက္ခကို နွေရာသီတွင် အဆုံးသတ်ရန် အမေရိကန် လိုလား နေကြောင်း ဇီလန်စကီး ပြောကြား

အမေရိကန်အနေဖြင့် ၎င်းတို့၏ ပြည်တွင်းရေးကိစ္စရပ်များကို အာရုံမစိုက်မီ ရုရှား-ယူကရိန်း ပဋိပက္ခကို နွေရာသီအရောက်တွင် ဖြေရှင်းပြီးစီးစေလိုကြောင်း ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇီလန်စကီးက ပြောကြားခဲ့သည်။

ယခုမှတ်ချက်များသည် ယခုသီတင်းပတ်အစောပိုင်းက အဘူဒါဘီတွင် ရုရှား၊ ယူကရိန်းနှင့် အမေရိကန်တို့အကြား ဒုတိယအကြိမ်မြောက် သုံးပွင့်ဆိုင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် ပထမအကြိမ် ဆွေးနွေးပွဲကဲ့သို့ပင် အဆိုပါ ညှိနှိုင်းမှုများကို တံခါးပိတ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ရုရှားနှင့် အမေရိကန် တို့မှ ဆွေးနွေးပွဲများသည် “အကျိုးရှိကာ အပြုသဘောဆောင်သည်” ဟု ပြောဆိုခဲ့ခြင်းမှအပ နှစ်ဖက်စလုံးက အသေးစိတ်အချက်အလက်များကို မျှဝေခြင်း မရှိခဲ့ပေ။ နောက်ဆုံးပြုလုပ်ခဲ့သည့် ညှိနှိုင်းမှုများမှ ရလဒ်အနေဖြင့် ရုရှားနှင့် ယူကရိန်းအကြား စစ်သုံ့ပန်း ၃၁၄ ဦးကို လဲလှယ်နိုင်ခဲ့သည်။

စနေနေ့ (ဖေဖော်ဝါရီ ၇) က သတင်းထောက်များနှင့်တွေ့ဆုံစဉ် ဇီလန်စကီး က ဝါရှင်တန်အနေဖြင့် အခြေချဖြေရှင်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန် နှစ်ဖက်စလုံးအား တွန်းအားပေးရန် အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။ “အမေရိကန်တွေက ယခုနှစ်နွေရာသီအစမှာ စစ်ပွဲကို အဆုံးသတ်ရန် နှစ်ဖက်စလုံးကိုအဆိုပြုထားပြီး ထိုအချိန်ဇယားအတိုင်း လိုက်နာရန်အတွက်လည်း ဖိအားပေးလာနိုင်ခြေ ရှိပါသည်” ဟု ၎င်းက ဆိုသည်။

ဝါရှင်တန်အနေဖြင့် ဖြေရှင်းရေးလုပ်ငန်းစဉ်ကို အရှိန်မြှင့်လိုသည့် ဆန္ဒမှာ ၎င်းတို့အတွက် ပိုမိုဖိအားပေးလာသည့် ပြည်တွင်းရေးကိစ္စရပ်များကြောင့်ဖြစ်ကြောင်း ယူကရိန်းခေါင်းဆောင်က အရိပ်အမြွက်ပြောကြားခဲ့ပြီး ၎င်းမှာ လာမည့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲကို ရည်ညွှန်းခြင်းဖြစ်ကြောင်း ယူဆရသည်။ အမေရိကန်ဘက်က ရုရှားနှင့် ယူကရိန်း နှစ်ဖက်ကြား တွေ့ဆုံမှုကို မိုင်ယာမီ (Miami) တွင် လက်ခံကျင်းပရန် ကမ်းလှမ်းထားကြောင်းနှင့် ယင်းတွေ့ဆုံမှုမှာ တစ်ပတ်အတွင်း ဖြစ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ဇီလန်စကီးက ဒွန်ဘတ်စ် (Donbass) ဒေသရှိ ၎င်းတို့ ထိန်းချုပ်ထားဆဲအစိတ်အပိုင်းများမှ ယူကရိန်းတပ်ဖွဲ့များကို ရုပ်သိမ်းရန် ငြင်းဆိုမှုကို ထပ်လောင်းပြောကြားခဲ့ပြီး နယ်မြေပေးအပ်ခြင်းနှင့်ပတ်သက်၍ ကိယက်ဗ်၏ ရပ်တည်ချက်မှာ ပြောင်းလဲခြင်းမရှိကြောင်း အတည်ပြုခဲ့သည်။ နယ်မြေဆိုင်ရာ ကိစ္စရပ်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အဓိက အကျပ်အတည်းဖြစ်နေဆဲဖြစ်ကြောင်း ရုရှားနှင့် အမေရိကန် နှစ်ဖက်စလုံးက ပြောကြားထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂