ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်လောင်းက နိုင်ငံတွင်စိန်ခေါ်မှု ကြီးမားစွာ ရှိနေကြောင်း သတိပေး

News Image

  • ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်လောင်းက နိုင်ငံတွင်စိန်ခေါ်မှု ကြီးမားစွာ ရှိနေကြောင်း သတိပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်းဝန်ကြီးချုပ်လောင်း တာရစ်ခ် ရာမန် (Tarique Rahman) က ယခုသီတင်းပတ်တွင် ကျင်းပမည့် ရွေးကောက်ပွဲ တွင် ၎င်း၏ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) အနိုင်ရရှိပါက ပျက်စီးနေသော နိုင်ငံကိုပြန်လည်ပြုပြင်ရန် ကြီးမားသော စိန်ခေါ်မှုများ နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေးပြောကြားလိုက်သည်။ 

အသက် (၆၀) အရွယ်ရှိ ရာမန်သည် အာဏာရှင်ဟောင်း ရှိတ်ဟာဆီနာ ၏ အုပ်ချုပ်ရေးအောက်တွင် ၁၇ နှစ်ကြာ ပြည်ပ၌နေထိုင်ခဲ့ရပြီးနောက် ပြီးခဲ့သည့် ဒီဇင်ဘာလတွင်မှ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းက ယခင်အစိုးရလက်ထက်တွင် အကြီးစားစီမံကိန်းများအမည်ခံကာ အဂတိလိုက်စားမှုများ အကြီးအကျယ်ပြုလုပ်ခဲ့သဖြင့် နိုင်ငံ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် စွမ်းအင်ကဏ္ဍများအားလုံး ပျက်စီးခဲ့ရသည်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။

အကယ်၍ အနိုင်ရရှိခဲ့ပါက လူငယ်များဦးဆောင်သည့်အုံကြွမှုအပြီး ဖြစ်ပေါ် နေသော နိုင်ငံရေးမငြိမ်မသက်မှုများကို အဆုံးသတ်ရန်နှင့် ပြည်သူများ အတွက် လုံခြုံရေးဖော်ဆောင်ပေးရန်မှာ ၎င်း၏ပထမဆုံး ဦးစားပေး လုပ်ငန်းဖြစ်မည်ဟု ဆိုသည်။ ထို့အပြင် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်ချုပ် လုပ်ငန်း တင်ပို့ရာနိုင်ငံဖြစ်သော ဘင်္ဂလားဒေ့ရှ်၏ အလုပ်လက်မဲ့ ပြဿနာ နှင့် စီးပွားရေးကျဆင်းမှုများကို ကုစားရန်အတွက် အလုပ်အကိုင်သစ် များ ဖန်တီးပေးသွားမည်ဟု ကတိပြုခဲ့သည်။ 

နိုင်ငံခြားရေးမူဝါဒနှင့် ပတ်သက်၍လည်း အိမ်နီးချင်းအိန္ဒိယနိုင်ငံနှင့် တင်းမာမှုများ ရှိနေသော်လည်း မိမိနိုင်ငံ၏အကျိုးစီးပွားကို ရှေးရှုလျက် အိမ်နီးချင်းကောင်းဆက်ဆံရေးမျိုး တည်ဆောက်လိုကြောင်း ရာမန်က ထည့်သွင်းပြောကြားခဲ့သည်။

လက်ရှိတွင် ကြားဖြတ်အစိုးရက ဟာဆီနာ၏ အာဝါမီလိဂ်ပါတီကို ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ထားသော်လည်း ရာမန်ကမူ နိုင်ငံရေးပါတီ များကို ဥပဒေဖြင့်ပိတ်ပင်ခြင်းအား ကန့်ကွက်ကြောင်းနှင့် ရာဇဝတ်မှု ကျူးလွန်သူများကိုသာ ဥပဒေအတိုင်း အပြစ်ပေးသင့်ကြောင်း ပြောဆို ခဲ့သည်။ 

ရာမန်၏ BNP ပါတီသည် ရွေးကောက်ပွဲတွင် အလားအလာ အကောင်းဆုံး ဖြစ်နေပြီး အခြားပါတီများနှင့် ညွန့်ပေါင်းဖွဲ့ရန်မလိုဘဲ အပြတ်အသတ် အနိုင်ရရှိကာ အစိုးရဖွဲ့စည်းနိုင်မည်ဟုလည်း ၎င်းက ယုံကြည်မှု အပြည့် ရှိနေသည်။

ကိုးကား- Bangkok Post

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂