အမေရိကန်က အီရန်အပေါ် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် စစ်ဆင်ရေးအတွက် ပြင်ဆင်နေကြောင်း ရိုက်တာသတင်းဖော်ပြ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမိန့်ပေးလာပါက အီရန်နိုင်ငံအပေါ် ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်နိုင်သည့် ရေရှည်စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲရန် အမေရိကန်စစ်တပ်က ပြင်ဆင်နေကြောင်း အမည်မဖော်လိုသည့် အစိုးရအရာရှိနှစ်ဦးကို ကိုးကား၍ ရိုက်တာ (Reuters) သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ စစ်ဆင်ရေးသည် ယခင်ကဖြစ်ပွားခဲ့ဖူးသော ပဋိပက္ခများထက် ပိုမို ပြင်းထန်လာနိုင်ပြီး နျူကလီးယား အခြေခံအဆောက်အအုံများသာမက အီရန်၏ နိုင်ငံတော်အဆင့်နှင့် လုံခြုံရေးဆိုင်ရာ အဆောက်အအုံများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နိုင်ခြေ ရှိနေသည်။ ဝါရှင်တန်အနေဖြင့် အီရန် ဘက်က အပြင်းအထန်ပြန်လည်တုံ့ပြန်လာမည်ကို အပြည့်အဝ မျှော်လင့်ထားပြီး ယင်းသို့ဖြစ်လာပါက နှစ်ဖက်အပြန်အလှန် လက်စားချေတိုက်ခိုက်မှုများ အချိန်ကာလတစ်ခုအထိ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ကြောင်း သတင်းရင်းမြစ်များက သတိပေးထားသည်။
တစ်ဖက်တွင်လည်း နှစ်နိုင်ငံအကြား သံတမန်ရေးအရ ထိတွေ့မှုများရှိနေပြီး ပြီးခဲ့သည့်နှစ်က အီရန်နျူကလီးယား အဆောက်အအုံများအား အစ္စရေးနှင့် အမေရိကန်တို့ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုလအစောပိုင်းတွင် အိုမန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသည် အပြုသဘောဆောင်ကြောင်း နှစ်ဖက်စလုံးက ဆိုကြသော်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီကမူ ၎င်းတို့၏ နျူကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းသော ရည်ရွယ်ချက်သာဖြစ်ပြီး ယူရေနီယံသန့်စင်မှု လုပ်ငန်းစဉ်များကို စွန့်လွှတ်မည် မဟုတ်ကြောင်း ပြတ်သားစွာ ပြောကြားထားသည်။ ထို့အပြင် ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ဆွေးနွေးပွဲများ ပြုလုပ်နေစဉ် အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဝါရှင်တန်အပေါ် ယုံကြည်မှုပျောက်ဆုံးနေရကြောင်းနှင့် သံတမန်ရေးရာ လမ်းကြောင်း ပျက်ပြားသွားပါက စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ရန် အသင့်ရှိကြောင်း အာရက်ချီက RT သတင်းဌာနသို့ ပြောကြားခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်သည် အီရန်အပေါ် မည်သည့် စစ်ရေးလှုပ်ရှားမှုကိုမဆို ရေရှည်စစ်ပွဲမဖြစ်စေဘဲ "လျင်မြန်ပြီး ပြတ်သားမှုရှိရန်" အလိုရှိနေကြောင်း NBC News က ဖော်ပြခဲ့သော်လည်း ၎င်း၏ အကြံပေးများအကြား စိုးရိမ်ပူပန်မှုများ ရှိနေသည်။
အမေရိကန်၏ စစ်ရေးအရတိုက်ခိုက်မှုသည် အီရန်အစိုးရအတွင်း ခေါင်းဆောင်မှုအပြောင်းအလဲဖြစ်လာစေရန် အာမမခံနိုင်ခြင်းနှင့် အီရန်၏ တုံ့ပြန်မှုကိုကာကွယ်ရန် ဒေသတွင်း၌ အမေရိကန်၏ စစ်လက်နက်အင်အား အလုံအလောက် ရှိ၊ မရှိ ဆိုသည့်အချက်များမှာ စိန်ခေါ်မှုအဖြစ် တည်ရှိနေသည်။ လက်ရှိတွင် နှစ်နိုင်ငံအကြား နောက်တစ်ကြိမ် ဆွေးနွေးပွဲကို လာမည့်အင်္ဂါနေ့ (ဖေဖော်ဝါရီ ၁၇) တွင် ဂျီနီဗာမြို့၌ ပြုလုပ်ရန် စီစဉ်ထားပြီး အဆိုပါဆွေးနွေးပွဲရလဒ်သည် ဒေသတွင်း တင်းမာမှုများအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်ဖွယ် ရှိနေပါသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
