Tesla ကုမ္ပဏီက ပထမဆုံးသော မောင်းသူမဲ့ Cybercab ကို အောင်မြင်စွာထုတ်လုပ်နိုင်ကြောင်း ကြေညာ
Tesla ကုမ္ပဏီက ပထမဆုံးသော မောင်းသူမဲ့ Cybercab ကို အောင်မြင်စွာထုတ်လုပ်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ ဒီကားဟာ အရင်ကားတွေနဲ့မတူပါဘူး။
လူကိုယ်တိုင်မောင်းစရာမလိုဘဲ အလိုအလျောက်မောင်းနှင်ဖို့အတွက် သီးသန့်ရည်ရွယ်ပြီး အခြေခံကနေ အသစ်စက်စက် တည်ဆောက်ထားတာ ဖြစ်ပါတယ်။
Cybercab ရဲ့ ထူးခြားချက်က ကားထဲမှာ စတီယာရင်နဲ့ ခြေနင်းတွေလုံးဝမပါတာပဲ ဖြစ်ပါတယ်။ လူကြီးနှစ်ယောက်စီးလို့ရပြီး အပေါ်ကိုပင့်ဖွင့်ရတဲ့ တံခါးတွေနဲ့ အတွင်းခန်းကလည်း အတော်လေး ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ ကားထဲမှာ ရုပ်ရှင်ကြည့်ဖို့ ၂၀ ဒသမ ၅ လက်မအရွယ် စခရင်ကြီးလည်း ပါဝင်ပါတယ်။ Tesla ဟာ ဒီကားတွေကို "Unboxed" လို့ခေါ်တဲ့ နည်းလမ်းသစ်နဲ့ ထုတ်လုပ်ထားတာကြောင့်ကုန်ကျစရိတ်ကို အများကြီးလျှော့ချနိုင်ခဲ့ပါတယ်။
ဈေးနှုန်းကို ယူရို ၂၆၀၀၀ အောက်နဲ့ ရောင်းဖို့ရည်မှန်းထားပြီး ဖုန်းတွေလိုမျိုးပဲ ကြိုးမဲ့စနစ်နဲ့အားသွင်းနိုင်မှာပါ။ အားတစ်ခါသွင်းထားရင် ကီလိုမီတာ ၃၂၀ ခန့်မောင်းနိုင်ပါတယ်။ အခုထွက်လာတဲ့ ကားဟာ အနာဂတ်အတွက် ရှေ့ပြေးပုံစံတစ်ခုဖြစ်ပြီး အရေအတွက်အမြောက်အမြားထုတ်လုပ်မှုကိုတော့ လာမယ့်ဧပြီလမှာ စတင်မှာဖြစ်ပါတယ်။
Ref: AE
ကိုထက်
MWD
