NASA က ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူလိုက်ပါသော လကမ္ဘာခရီးစဉ်ကို လွှတ်တင်

News Image

  • NASA က ၁၉၇၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လူလိုက်ပါသော လကမ္ဘာခရီးစဉ်ကို လွှတ်တင်

NASA က ၎င်း၏ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း ပထမဆုံးအကြိမ် လူလိုက်ပါသော လကမ္ဘာပတ်ခရီးစဉ် Artemis II ကို ဗုဒ္ဓဟူးနေ့ (ဧပြီ ၁) တွင် လွှတ်တင်ခဲ့သည်။

နည်းပညာဆိုင်ရာ အခက်အခဲအချို့ကြောင့် ခေတ္တနှောင့်နှေးခဲ့သော်လည်း NASA မှ အာကာသယာဉ်မှူးများဖြစ်ကြသော Reid Wiseman ၊ Victor Glover ၊ Christina Koch နှင့် ကနေဒါနိုင်ငံမှ Jeremy Hansen တို့ လိုက်ပါသွားသည့် ဒုံးပျံကို ဖလော်ရီဒါပြည်နယ်ရှိ Kennedy Space Center မှ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့သည်။

၁၀ ရက်ကြာမြင့်မည့် အဆိုပါခရီးစဉ်တွင် အာကာသယာဉ်မှူးများသည် လကမ္ဘာကိုပတ်ပြီးနောက် Orion အာကာသယာဉ်ဖြင့် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိလာမည်ဖြစ်သည်။ ဤသည်မှာ ၁၉၇၂ ခုနှစ် Apollo 17 ခရီးစဉ်နောက်ပိုင်း ကမ္ဘာပတ်လမ်းကြောင်းနိမ့် (Low Earth orbit) ကို ကျော်လွန်၍ လူလိုက်ပါသွားသည့် ပထမဆုံးသော အာကာသခရီးစဉ်လည်း ဖြစ်သည်။

Orion အာကာသယာဉ်သည် ဧပြီလ ၆ ရက်နေ့တွင် လကမ္ဘာကို စတင်ပတ်မည်ဖြစ်သည်။ ScienceAlert ၏ အဆိုအရ ထိုခရီးစဉ်တွင်အာကာသယာဉ်မှူးများသည် ယခင် Apollo 13 က တင်ခဲ့သည့်၄၀၀,၁၇၁ ကီလိုမီတာ (၂၄၈,၆၅၅ မိုင်) အကွာအဝေးစံချိန်ကို ကျော်ဖြတ်ပြီး လူသားသမိုင်းတွင် ကမ္ဘာမြေနှင့် အဝေးဆုံးနေရာအထိ ရောက်ရှိသွားကြမည်ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂