UFO နှင့် ဂြိုဟ်သားများမှာ မိစ္ဆာများသာဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ J.D. Vance ပြောကြား

News Image

  • UFO နှင့် ဂြိုဟ်သားများမှာ မိစ္ဆာများသာဖြစ်ကြောင်း အမေရိကန် ဒုတိယသမ္မတ J.D. Vance ပြောကြား

အမေရိကန်ဒုတိယသမ္မတ J.D. Vance က အမျိုးအမည်မသိယာဉ်ပျံ (UFO) များနှင့် ဂြိုဟ်သား (Aliens) ဆိုသည်မှာ အမှန်တကယ်တွင် "မိစ္ဆာများ (Demons)" သာဖြစ်ကြောင်းနှင့် ယင်းနှင့်ပတ်သက်သည့် အစိုးရ၏ လျှို့ဝှက်ဖိုင်တွဲများကို ရှာဖွေဖော်ထုတ်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ 

ပြီးခဲ့သည့် သောကြာနေ့ (မတ် ၂၇) က Podcaster Benny Johnson နှင့် အင်တာဗျူးရာတွင် Vance က ၎င်းအနေဖြင့် UFO ကိစ္စရပ်များကို အထူးစိတ်ဝင်စားပြီး အစိုးရ၏ အဆင့်မြင့်လျှို့ဝှက်ချက်များကို ကြည့်ရှုခွင့်ရသည့် လက်ရှိ ၃ နှစ်တာကာလအတွင်း Area 51 ကဲ့သို့သောလျှို့ဝှက်စခန်းများအထိ သွားရောက်ကာ အမှန်တရားကို စုံစမ်း ဖော်ထုတ်သွားမည်ဟု ဆိုသည်။

Vance ၏ အမြင်အရ ဂြိုဟ်သားဆိုသည်မှာ အာကာသမှလာသူများမဟုတ်ဘဲ ခရစ်ယာန်ဘာသာရေးအယူအဆအရ လူသားတို့အပေါ် ထူးဆန်းသောအပြုအမူများပြုလုပ်လေ့ရှိသည့် "ကောင်းကင်ယံမှ နတ်မိစ္ဆာသတ္တဝါများ" သာဖြစ်ကြောင်း ဖွင့်ဆိုခဲ့သည်။

ထိုအတောအတွင်း သမ္မတ Donald Trump ကလည်း အများပြည်သူ၏ စိတ်ဝင်စားမှုမြင့်တက်လာခြင်းကြောင့် UFO နှင့်ပတ်သက်သည့် အစိုးရ ဖိုင်တွဲများကို ရှာဖွေထုတ်ပြန်ရန် ဖက်ဒရယ်အေဂျင်စီများကို ညွှန်ကြားထားသည်။ ထို့ပြင် သမ္မတဟောင်း Barack Obama က ဂြိုဟ်သား များသည် "တကယ်ရှိကြောင်း" လူသိရှင်ကြားပြောဆိုခဲ့မှုအပေါ် Trump က ဝေဖန်ခဲ့ပြီး ယင်းသည် လျှို့ဝှက်သတင်းအချက်အလက်များကို မလို အပ်ဘဲ ထုတ်ဖော်ပြောဆိုခြင်းဖြစ်သည်ဟု မှတ်ချက်ပြုခဲ့သည်။

အမေရိကန်အစိုးရသည် မကြာသေးမီနှစ်များအတွင်း ပင်တဂွန် စစ်ဌာနချုပ်၏ AARO ရုံးမှတစ်ဆင့် UFO သတင်းပို့မှုများကို စုံစမ်းစစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။ သို့သော်လည်း ၂၀၂၄ ခုနှစ်၊ မတ်လတွင် ပင်တဂွန်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ယခုအချိန်အထိ တွေ့ရှိရသည့်ဖြစ်စဉ်များသည် ဂြိုဟ်သားနည်းပညာဖြစ်ကြောင်း သက်သေအထောက်အထားမရှိသေးဘဲ အများစုမှာ မိုးလေဝသပူဖောင်းများ၊ ဂြိုဟ်တုများနှင့် ထောက်လှမ်းရေးလေယာဉ်များကဲ့သို့သော ပုံမှန်အရာဝတ္ထုများသာဖြစ်ကြောင်း သိရှိရသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂