ဂြိုဟ်သားနှင့်ပန်းကန်ပြားပျံအချက်အလက်များ ထုတ်ပြန်ရန် ထရမ့်က ပင်တဂွန်ကိုညွှန်ကြား
အစိုးရထံတွင်ရှိနေသော ဂြိုဟ်သားနှင့် ပတ်သက်သည့် အချက်အလက်များကို လူထုစိတ်ဝင်စားမှုမြင့်မားနေသဖြင့် ထုတ်ပြန်ရန် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၀ ရက်တွင် Truth Social လူမှုကွန်ရက်မှတစ်ဆင့် ထိုသို့ထုတ်ဖော်ပြောခြင်းဖြစ်ပြီး ထုတ်ပြန်မည့် မှတ်တမ်းများတွင် ပန်းကန်ပြားပျံများနှင့် ပတ်သက်သည့် အချက်အလက်များသာမက အလွန်အရေးကြီးပြီး စိတ်ဝင်စားဖွယ်ကောင်းသည့် ကိစ္စရပ်အားလုံးပါဝင်မည် ဖြစ်ကြောင်း ထရမ့်ကဆိုသည်။
သမ္မတဟောင်း ဘားရက်အိုဘားမားက ဂြိုဟ်သားများမှာ အစစ်အမှန်ဖြစ်ကြောင်း အင်တာဗျူးတစ်ခု၌ပြောပြီးနောက် ထရမ့်က ယခုကဲ့သို့ကြေညာခြင်းဖြစ်သည်။ ဘားရက်အိုဘားမားက ဂြိုဟ်သားများရှိသော်လည်း ကိုယ်တိုင်မမြင်ဖူးသေးကြောင်းနှင့်နီဗားဒါးရှိ ဧရိယာ ၅၁ တွင် ဂြိုဟ်သားများကိုလျှို့ဝှက်ထားခြင်းမရှိကြောင်း ပြောထားသည်။
ယင်းနောက် ထရမ့်က စစ်မက်ရေးရာဝန်ကြီးနှင့် အခြားတာဝန်ရှိသူများအားဂြိုဟ်သားနှင့် ပတ်သက်သောဖိုင်တွဲများကို ရှာဖွေ ထုတ်ပြန်ရေးအတွက် လုပ်ငန်းစဉ်များစတင်ရန် ညွှန်ကြားမည်ဖြစ်ကြောင်း အတည်ပြုသည်။ ထိုသို့ထုတ်ပြန်ပေးရန် ဆုံးဖြတ်ခြင်းမှာ ပြည်သူများ၏ စိတ်ဝင်စားမှု ကြီးမားခြင်းကြောင့်ဖြစ်ကြောင်း ထရမ့်က ပြောထားသည်။
Ref: RT
MWD
