ပင်တဂွန်က Musk ၏ Grok AI ကို လျှို့ဝှက်စစ်ဘက်စနစ်များတွင် ထည့်သွင်းအသုံးပြုရန် သဘောတူညီမှုရရှိ

News Image

  • ပင်တဂွန်က Musk ၏ Grok AI ကို လျှို့ဝှက်စစ်ဘက်စနစ်များတွင် ထည့်သွင်းအသုံးပြုရန် သဘောတူညီမှုရရှိ

ပင်တဂွန်သည် Elon Musk ၏ xAI ကုမ္ပဏီနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့၏ Grok AI ကို လျှို့ဝှက်စစ်ဘက်စနစ်များတွင် ထည့်သွင်းအသုံးပြုတော့မည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ လုပ်ရပ်သည် ပြိုင်ဘက်ကုမ္ပဏီဖြစ်သော Anthropic အပေါ် ဖိအားများ ပိုမိုသက်ရောက်စေခဲ့သည်။ အကြောင်းမှာ Anthropic သည် ၎င်းတို့၏ Claude model တွင် ကန့်သတ်ချက်များ (Safeguards) ကို ပယ်ဖျက်ပေးရန် ငြင်းဆန်နေသောကြောင့်ဖြစ်သည်။

New York Times က စတင်ဖော်ပြပြီး Axios သတင်းဌာနက တနင်္လာနေ့ (ဖေဖော်ဝါရီ ၂၃) တွင် အတည်ပြုခဲ့သော အဆိုပါသဘောတူညီချက်အရ Grok သည် စစ်တပ်၏ အထိခိုက်မခံဆုံးသော ကွန်ရက်များတွင် အသုံးပြုခွင့်ရသည့် ဒုတိယမြောက် AI စနစ် ဖြစ်လာမည်ဖြစ်သည်။ ယင်း ကွန်ရက်များသည် ထောက်လှမ်းရေးသတင်း ခွဲခြမ်းစိတ်ဖြာခြင်း၊ လက်နက်ထုတ်လုပ်ခြင်းနှင့် စစ်မြေပြင်စစ်ဆင်ရေးများလုပ်ဆောင်ရာ နေရာများ ဖြစ်သည်။ ယခုအချိန်အထိ Anthropic ၏ Claude သည် Palantir Technologies နှင့် ပူးပေါင်းမှုမှတစ်ဆင့် ထိုလျှို့ဝှက် ပလက်ဖောင်းများပေါ်တွင် အသုံးပြုနိုင်သည့် တစ်ခုတည်းသော AI မော်ဒယ် ဖြစ်ခဲ့သည်။

အဆိုပါသဘောတူညီချက်သည် စစ်မက်ရေးရာဝန်ကြီး Pete Hegseth က Anthropic ၏ CEO ဖြစ်သူ Dario Amodei ကို အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၄) တွင် ပင်တဂွန်၌တွေ့ဆုံရန် ဆင့်ခေါ်ထားချိန်နှင့် တိုက်ဆိုင်နေသည်။ Axios ၏ အဆိုအရ Hegseth သည် Amodei ကို နောက်ဆုံးသတိပေးချက် (Ultimatum) ပေးဖွယ်ရှိပြီး၊ Claude AI ကို ထပ်ဆောင်း ကန့်သတ်ချက်များမထားဘဲ ‘တရားဝင်ရည်ရွယ်ချက်အားလုံး’ အတွက် အသုံးပြုခွင့် ပေးရန်၊ သို့မဟုတ်ပါက ထောက်ပံ့ရေးကွင်းဆက်ဆိုင်ရာ အန္တရာယ်ရှိသူ (Supply chain risk) အဖြစ် သတ်မှတ်ခံရမည့် အကျိုးဆက်ကို ရင်ဆိုင်ရန် ပြောကြားလိမ့်မည်ဟု မျှော်လင့်ရသည်။ ယင်းကဲ့သို့သော တံဆိပ် ကပ်ခြင်း မျိုးသည် ပုံမှန်အားဖြင့် ပြည်ပရန်သူများနှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများကိုသာ သတ်မှတ်လေ့ရှိခြင်းဖြစ်သည်။

Anthropic ကုမ္ပဏီသည် ၎င်းတို့၏ နည်းပညာကို အမေရိကန် နိုင်ငံသားများအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်ထောက်လှမ်းခြင်း (Mass Surveillance) တွင် အသုံးမပြုရန်နှင့် လူသား၏ ထိန်းချုပ်မှုမပါဝင်သော အလိုအလျောက်ပစ်ခတ်နိုင်သည့် လက်နက်စနစ်များ (Fully Autonomous Weapons) တွင် အသုံးမပြုရန် တားမြစ်ထားသည့် ကန့်သတ်ချက် များကို ဖယ်ရှားပေးရန် ပင်တဂွန်၏ တောင်းဆိုချက်ကို ဆက်လက် ငြင်းဆန် နေသည်။

အခြားတစ်ဖက်တွင် xAI သည် ပင်တဂွန်၏တောင်းဆိုချက်များကို သဘောတူညီခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ကုမ္ပဏီဘက်မှ မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပေ။ ဆွေးနွေးမှုများအကြောင်း သိရှိထားသူများ၏ အဆိုအရ Google သည်လည်း ၎င်းတို့၏ Gemini model ကို လျှို့ဝှက်စစ်ဘက်လုပ်ငန်းများတွင် အသုံးပြုခွင့်ပေးရန် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဟု သိရှိရသည်။ သို့သော် OpenAI မှာမူ ဘေးကင်းလုံခြုံရေးဆိုင်ရာ နည်းပညာများ (Safety technology) ကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သဖြင့် သဘောတူညီချက်ရရှိရန် မနီးစပ် သေးကြောင်း သိရှိရသည်။

ပင်တဂွန်အရာရှိများက ၎င်းတို့၏လျှို့ဝှက်စနစ်များတွင် Anthropic ကို အခြားတစ်ခုနှင့် အစားထိုးခြင်းသည် ရေတိုတွင် အနှောင့်အယှက်အချို့ ဖြစ်ပေါ်စေနိုင်ကြောင်း ဝန်ခံထားကြသည်။ ပြီးခဲ့သည့်လက ဗင်နီဇွဲလား သမ္မတ Nicolas Maduro ကို ဖမ်းဆီးသည့် စစ်ဆင်ရေးတွင် Anthropic ၏ AI မော်ဒယ်ကို အသုံးပြုခဲ့ကြပြီး၊ ယင်းမှာ တိုက်ရိုက်စစ်ဆင်ရေး တစ်ခု တွင် AI က တိုက်ရိုက်ပါဝင်ကူညီခဲ့သည့် ပထမဆုံးသော သိသာ ထင်ရှားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့သည်။

Anthropic သည် မိမိကိုယ်ကို AI လောကတွင် ‘ဘေးကင်းလုံခြုံရေးကို အလေးထားသော’ ကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်ခဲ့သည်။ ကုမ္ပဏီ၏ CEO ဖြစ်သူ Dario Amodei က အကန့်အသတ်မရှိဘဲ အသုံးပြုနေသော AI များကြောင့် ဖြစ်ပေါ်လာနိုင်သည့် ‘ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင် နိုင်မှု အန္တရာယ်များ (Autonomy risks)’ အပါအဝင် လူသားမျိုးနွယ် အပေါ် သက်ရောက်နိုင်သော ကြီးမားသည့်ဘေးအန္တရာယ်များကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးသည်။ ပြီးခဲ့သည့်သီတင်းပတ်ကလည်း ကုမ္ပဏီ၏ ဘေးကင်းလုံခြုံရေး သုတေသနအဖွဲ့ခေါင်းဆောင် Mrinank Sharma သည် ရာထူး မှ ရုတ်တရက်နုတ်ထွက်သွားခဲ့ပြီး "ကမ္ဘာကြီးသည် အန္တရာယ် ကျရောက် နေပြီ" ဟူသော ဆန်းကြယ်သည့် သတိပေးချက်တစ်ခုကို ထားရှိခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး -၂