ဂြိုဟ်သားနှင့် UFO ဆိုင်ရာ လျှို့ဝှက်မှတ်တမ်းများ ထုတ်ပြန်ရန် သမ္မတ ဒေါ်နယ်ထရမ့် ညွှန်ကြား
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဂြိုဟ်သားများ၊ ကမ္ဘာပြင်ပ သက်ရှိ များနှင့် အမည်မသိ ပျံသန်းဝတ္ထု (UFOs) များဆိုင်ရာ အစိုးရ၏ လျှို့ဝှက်မှတ်တမ်းများကို အများပြည်သူသိရှိစေရန် စတင်ထုတ်ပြန်ရန် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့အား ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် ညွှန်ကြားလိုက်သည်။ ယင်းညွှန်ကြားချက်သည် သမ္မတဟောင်း ဘားရတ်အိုဘားမား က "ဂြိုဟ်သားများ အမှန်တကယ်ရှိကြောင်း" ထုတ်ဖော် ပြောကြားခဲ့မှု အပေါ် ထရမ့်က ဝေဖန်ကန့်ကွက်ပြီး နာရီပိုင်းအကြာတွင် ထွက်ပေါ် လာခြင်း ဖြစ်သည်။
သမ္မတထရမ့်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် "အများပြည်သူ ၏ အထူးစိတ်ဝင်စားမှုကို အခြေခံ၍ ဂြိုဟ်သားနှင့် ကမ္ဘာပြင်ပ သက်ရှိ များ၊ အမည်မသိ ကောင်းကင်ဖြစ်စဉ် (UAP) များနှင့် UFO များအပြင် အဆိုပါ ရှုပ်ထွေးနက်နဲပြီး အရေးကြီးသည့် ကိစ္စရပ်များနှင့် ဆက်စပ် နေသော အစိုးရမှတ်တမ်းများအားလုံးကို ရှာဖွေဖော်ထုတ်၍ ထုတ်ပြန် ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားထားသည်" ဟု ရေးသား ဖော်ပြ ခဲ့သည်။
ဆယ်စုနှစ်များစွာအတွင်း ခေတ်မီထောက်လှမ်းရေးလေယာဉ်များ၊ ဒရုန်း များနှင့် မိုးလေဝသပူဖောင်းများကို မြင်တွေ့ရမှုများကြောင့် Area 51 ကဲ့သို့သော လျှို့ဝှက်စစ်အခြေစိုက်စခန်းများအပေါ် အခြေခံသည့် UFO သီအိုရီများ ထွက်ပေါ်လာခဲ့သည်။ ပင်တဂွန်စစ်ဌာနချုပ်ကမူ အစိုးရ အနေဖြင့် ကမ္ဘာပြင်ပနည်းပညာများကို ဖုံးကွယ်ထားခြင်းမရှိကြောင်းနှင့် UFO မြင်တွေ့ရမှုများသည် ဂြိုဟ်သားများ ကမ္ဘာသို့ လာရောက်လည်ပတ်ခြင်း ဖြစ်သည်ဟူသော အထောက်အထား မတွေ့ရှိရကြောင်း အမြဲတစေ ငြင်းဆိုထားသော်လည်း အွန်လိုင်းအသိုင်းအဝိုင်းတွင်မူ အဆိုပါကိစ္စရပ်များအပေါ် စိတ်ဝင်စားမှု မြင့်တက်နေဆဲဖြစ်သည်။
ယခုကဲ့သို့ မှတ်တမ်းများထုတ်ပြန်ရန် စီစဉ်မှုသည် YouTuber Brian Tyler Cohen နှင့် ပြုလုပ်ခဲ့သည့် အိုဘားမား၏ အင်တာဗျူးတစ်ခုမှ စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအင်တာဗျူးတွင် အိုဘားမားက "ဂြိုဟ်သား များမှာ အစစ်အမှန်ဖြစ်သော်လည်း ၎င်းတို့အား Area 51 တွင် ထိန်းသိမ်း ထားခြင်းမရှိကြောင်း" နောက်ပြောင်ပြောဆိုခဲ့သည်။ ထိုမှတ်ချက်နှင့် ပတ်သက်၍ ထရမ့်က "အိုဘားမားသည် ထုတ်ဖော်ခွင့်မရှိသည့် လျှို့ဝှက် သတင်းအချက်အလက်များကို ပေါက်ကြားစေခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ ကြီးမားသော အမှားတစ်ခုဖြစ်ကြောင်း" တုံ့ပြန်စွပ်စွဲခဲ့သည်။ ထို့ပြင် ၎င်း အနေဖြင့် သက်ဆိုင်ရာ စာရွက်စာတမ်းများကို လျှို့ဝှက်အဆင့်မှ ပယ်ဖျက် ပေးခြင်း (Declassifying) အားဖြင့် အိုဘားမားကို အကူအညီပေးမည် ဟုလည်း သရော်၍ ပြောကြားခဲ့သည်။
သို့သော်လည်း ဂျက်ဖရီ အက်ပ်စတိန်းနှင့် ပတ်သက်သည့်ဖိုင်များ ထုတ်ပြန်မှုမှာ တစ်နှစ်နီးပါး ကြန့်ကြာနေဆဲဖြစ်သကဲ့သို့ ယခု UFO ဆိုင်ရာ မှတ်တမ်းများကိုလည်း မည်သည့်အချိန်တွင် အတိအကျ ထုတ်ပြန် မည်ကိုမူ သမ္မတထရမ့်က ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသေးပေ။
ကိုးကား- Bangkok Post
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
