အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် နေထိုင်ရာအိမ်နှင့် ရုံးခန်းအနီးတွင် ပေါက်ကွဲသံများထွက်ပေါ်
အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင် အယာတိုလာ အလီခါမေနီ၏ နေအိမ်နှင့် ရုံးခန်းများတည်ရှိရာ၊ လုံခြုံရေးအလွန်တင်းကျပ်ထားသော တီဟီရန်မြို့၊ ပါစတာ (Pasteur) ရပ်ကွက်အတွင်း၌ ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း အီရန်အစိုးရနှင့် ဆက်နွှယ်နေသော သတင်းဌာနများက ဖော်ပြခဲ့ကြသည်။ ဖားစ် (Fars) သတင်းဌာန၏ အဆိုအရ အဆိုပါ ဧရိယာအတွင်းသို့ အနည်းဆုံး ဒုံးကျည် ၇ စင်း ကျရောက်ထိမှန်ခဲ့သည် ဟု သိရှိရသည်။
အစ္စရေးနှင့် အမေရိကန်တို့ ပူးပေါင်း၍ အီရန်နိုင်ငံအပေါ် "ကြိုတင်ကာကွယ်သည့် တိုက်ခိုက်မှု" (Pre-emptive strike) တစ်ရပ် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တီဟီရန်မြို့လယ်ရှိ အမြင့်ဆုံးခေါင်းဆောင်၏ ရုံးခန်းအနီးအပါအဝင် နေရာများစွာသို့ ဒုံးကျည်များကျရောက်ခဲ့ပြီး အသက် ၈၆ နှစ်အရွယ်ရှိ ခါမေနီကို လုံခြုံစိတ်ချရသော နေရာတစ်ခုသို့ ပြောင်းရွှေ့ထားပြီးဖြစ်ကြောင်း သတင်းရင်းမြစ်အချို့ကဆိုသော်လည်း ၎င်း၏ တည်နေရာ အတိအကျကို မသိရှိရသေးပေ။
လက်ရှိတွင် အီရန်သည် ၎င်း၏ လေကြောင်းပိုင်နက်ကို ပိတ်ထားပြီး အစ္စရေးနိုင်ငံအတွင်း၌လည်း အရေးပေါ်အခြေအနေကြေညာထားကာ အချက်ပေးသံများ ထွက်ပေါ်နေသည်။
ကိုးကား- CNN
Photo: The Guardian
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြာရေးမှူး၊ ဝန်ကြီး (၂)
