လုံခြုံရေးစိုးရိမ်ရမှုများကြောင့် ဂျော်ဒန်၊ ဘာရိန်း၊ အီရတ်၊ ကာတာနှင့် ကူဝိတ်ရှိ အရေးပေါ်မဟုတ်သော အစိုးရဝန်ထမ်းများ ထွက်ခွာရန် အမေရိကန် အမိန့်ထုတ်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုများကြောင့် ဂျော်ဒန်၊ ဘာရိန်း၊ အီရတ်၊ ကာတာနှင့် ကူဝိတ်နိုင်ငံများရှိ အရေးပေါ်မဟုတ်သော အစိုးရဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ မဖြစ်မနေထွက်ခွာကြရန် တနင်္လာနေ့ (မတ် ၂) တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ဂျော်ဒန်၊ ဘာရိန်း၊ ကာတာနှင့် ကူဝိတ်ရှိ ဝန်ထမ်းများသည် အီရန်ထံမှ ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရနိုင်သည့်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရပြီး လေကြောင်းလိုင်းများလည်း ကြီးကြီးမားမား အနှောင့်အယှက်ဖြစ်နိုင်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပြုထားသည်။ ထို့အပြင် ဂျော်ဒန်နှင့် ဘာရိန်းတို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်ခြေရှိကြောင်းနှင့် အီရတ်တွင် အကြမ်းဖက်မှုနှင့် ပြန်ပေး ဆွဲခံရမှု အန္တရာယ်မြင့်မားနေကြောင်း သတိပေးထားသည်။
အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ရေးအရ စတင် တိုက်ခိုက်ပြီးနောက်ပိုင်း ယခုကဲ့သို့ သံရုံး (၅) ခုမှ ဝန်ထမ်းများအား မဖြစ်မနေထွက်ခွာခိုင်းခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ အီရန်၏ လက်တုံ့ပြန်မှုများကြောင့် ဒေသတွင်းလုံခြုံရေးအန္တရာယ် မြင့်တက်လာခြင်းကို ပြသနေပြီး အထူးသဖြင့် အမေရိကန် စစ်ရေးနှင့် သံတမန်ရေးရာ အဆောက်အအုံများကို ပစ်မှတ်ထားလာခြင်း ဖြစ်သည်။
အင်္ဂါနေ့ (မတ် ၃) ညပိုင်း၌ ဆော်ဒီအာရေဗျရှိ အမေရိကန်သံရုံးသည် အီရန်ဒရုန်းဟုယူဆရသော ဒရုန်းနှစ်စင်းဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ရီယာဒ် (Riyadh) ရှိ သံရုံးဝင်းအတွင်း သို့မဟုတ် အနီးအနားသို့ နောက်ထပ် ဒရုန်းနှစ်စင်း ကျရောက်ခဲ့သည်။ ကူဝိတ်ရှိ အမေရိကန်သံရုံးလည်း တိုက်ခိုက်ခံခဲ့ရသည်။ စစ်ပွဲစတင်ကတည်းက ဒေသတွင်းရှိ အမေရိကန် သံရုံး အများအပြားသည် ဝန်ထမ်းများအား ဘေးကင်းရာ၌သာ နေထိုင် ကြရန် (Shelter in place) အမိန့်ထုတ်ပြန်ထားပြီး အမေရိကန် နိုင်ငံသားများကိုလည်း ထိုသို့လုပ်ဆောင်ရန် တိုက်တွန်းထားသည်။ ဝန်ထမ်းများ ထွက်ခွာရန် အမိန့်ထုတ်ထားသော်လည်း သံရုံးများကို ပိတ်သိမ်းလိုက်ခြင်း မဟုတ်ပေ။ သို့သော် ကူဝိတ်ရှိ အမေရိကန်သံရုံးကမူ ထပ်မံ အကြောင်း မကြားမချင်း ပိတ်ထားမည်ဖြစ်ကြောင်း အင်္ဂါနေ့ (မတ် ၃) တွင် ကြေညာခဲ့သည်။
အခြားသော သံရုံးများတွင်မူ အရေးကြီးသည့် ဝန်ထမ်းအနည်းငယ်သာ ကျန်ရှိနေမည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းရှိ အမေရိကန်နိုင်ငံသားများကိုမူ လေကြောင်းလိုင်းများမှတစ်ဆင့် ချက်ချင်းထွက်ခွာကြရန် နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။ လေကြောင်းလိုင်း အများအပြား သည် ဒေသတွင်းသို့ ပျံသန်းမှုများရပ်ဆိုင်းထားသဖြင့် လူအများစုမှာအမြန်ဆုံး ထွက်ခွာနိုင်ရန် ခဲယဉ်းနိုင်သည်။ လက်ရှိအချိန်အထိ အမေရိကန် အစိုးရအနေဖြင့် နိုင်ငံသားများအတွက် ကယ်ဆယ်ရေးလေယာဉ်များ စတင်ပြေးဆွဲပေးခြင်း မရှိသေးပေ။
ကိုးကား- CNN
Photo: Investing.com
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
