မြောက်မြားလှသောအရန်ခဲယမ်းမီးကျောက်များဖြင့် စစ်ပွဲတစ်ပွဲကိုထာဝရတိုက်ခိုက်ဆင်နွှဲရန်အသင့်ရှိဟု ထရမ့်ပြော
အမေရိကန်ပြည်ထောင်စုအနေဖြင့် မြောက်မြားလှသော အရန်ခဲယမ်းမီးကျောက်များကို ပိုင်ဆိုင်ထားခြင်းကြောင့် စစ်ပွဲတစ်ပွဲကို ထာဝရတိုက်ခိုက်ဆင်နွှဲရန် အသင့်ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ကပြောကြားသည်။
အီရန်အစိုးရကိုဖြုတ်ချရန် ရည်ရွယ်လုပ်ဆောင်သည့် အမေရိကန်နှင့်အစ္စရေးတို့၏ လက်ရှိစစ်ဆင်ရေးတွင် ခဲယမ်းမီးကျောက်များ၊ အထူးသဖြင့် လေကြောင်းကာကွယ်ရေးဒုံးကျည်များကို အသုံးပြုနိုင်မှုသည် အကန့်အသတ်ဖြစ်စေသည့် အချက်တစ်ချက် ဖြစ်ကြောင်း စစ်ရေး လေ့လာသူများက ထောက်ပြထားသည်။
သို့သော် အဆိုပါထောက်ပြချက်ကို ထရမ့်ကပယ်ချခဲ့ပြီး အမေရိကန်အနေဖြင့် နိုင်ငံအတွင်းရှိ လက်နက်ခဲယမ်းများကို အသုံးပြု တိုက်ခိုက်နိုင်ကြောင်း၊ အမေရိကန်၏လက်နက်များသည် အခြားနိုင်ငံများ၏လက်နက်များထက် ပိုမိုအစွမ်းထက် သာလွန်မှုရှိကြောင်း၊ ထို့ပြင် အမေရိကန်က အခြားနိုင်ငံများတွင် သိုလှောင်ထားသည့် လက်နက်ခဲယမ်းများကိုလည်း ရယူအသုံးပြုနိုင်ကြောင်း ထရမ့်က မတ်လ ၂ ရက်တွင် တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် အီရန်အပေါ်ဆင်နွှဲနေသည့် စစ်ဆင်ရေးသည် မျှော်မှန်းထားသည်ထက် ကျော်လွန်လျက်ရှိသော်လည်း သီတင်းပတ် အနည်းငယ်ထက်မပိုဘဲ ပြီးဆုံးမည်ဟု ခန့်မှန်းထားကြောင်း ထရမ့်က ဆက်လက်ပြောကြားသည်။ သို့သော် အီရန်အနေဖြင့် မြေအောက် သိုလှောင်ရုံများတွင် တာဝေးပစ်လက်နက်များကို စုဆောင်းထားရှိပြီး ရေရှည်စစ်ပွဲအတွက် ပြင်ဆင်ထားကြောင်း အီရန်တပ်မတော်မှ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။
(Ref: RT)
