မျက်မှောက်ကာလ အရှေ့အလယ်ပိုင်းရေးရာ အီရန်စစ်ပွဲမစတင်မီလုပ်ဆောင်ခဲ့သည့် အစ္စရေးမော့ ဆက်ထောက်လှမ်းရေးနှင့် အထူးတပ်ဖွဲ့ဝင်တို့၏ မြေပြင်စစ်ဆင်ရေး
အီရန်နိုင်ငံ၏ နျူကလီးယားစက်ရုံများ၊ ဒုံးကျည်စခန်းများ၊ သိပ္ပံပညာရှင်များနှင့် ဗိုလ်ချုပ်ကြီးများကို ပစ်မှတ်ထားသည့် အစ္စရေးနှင့် အမေရိကန်တို့၏စစ်ဆင်ရေးကြီးသည် ရှစ်လကြာအထူးလျှို့ဝှက်ပြင်ဆင်ခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်ပြီး အစ္စရေးမော့ဆက် ထောက်လှမ်းရေးအဖွဲ့နှင့် အထူးတပ်ဖွဲ့ဝင်များသည် အီရန်နိုင်ငံအား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မပြုမီ ယခုနှစ် ဇန်နဝါရီလ ၂၁ ရက် ညပိုင်းတွင် မြေပြင်စစ်ဆင်ရေးများကို လျှို့ဝှက်လုပ်ဆောင်ခဲ့သည်ဟု ဆော်ဒီအခြေစိုက် Al Arabiya ရုပ်သံသတင်းဌာနက မတ်လ
၃ ရက်တွင်ဖော်ပြသည်။
အစ္စရေးမော့ဆက် ထောက်လှမ်းရေးအဖွဲ့နှင့် အထူးတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏မြေပြင်စစ်ဆင်ရေးအတွင်း အီရန်နိုင်ငံ၏ ဒုံးကျည်နှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ထားရှိရာ နေရာအတိအကျကို ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် အစ္စရေး လေတပ်မတော်သည် စစ်ပွဲစတင်ပြီးနောက်ပိုင်းတွင် အီရန်နိုင်ငံ၏ မြေအောက်ဒုံးကျည်စခန်း သို့မဟုတ် သိုလှောင်ရုံများကို လေကြောင်းမှ ထပ်ခါထပ်ခါ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်သတင်းဝက်ဆိုက်တစ်ခုဖြစ်သည့် axios တွင် ဖော်ပြထားသည်။
ထို့ပြင် အစ္စရေးကလုပ်ဆောင်သည့် တိုက်ခိုက်မှုများ၏အဓိကရည်ရွယ်ချက်ကို လေ့လာမည်ဆိုပါက နျူကလီးယားလက်နက် ထုတ်လုပ်နိုင်သည့် နည်းပညာကိုရရှိထားသည့် အီရန်နျူကလီးယား သိပ္ပံပညာရှင်များကို လုပ်ကြံသတ်ဖြတ်ရန်ဖြစ်သည်။
ထို့ကြောင့် စစ်ပွဲစတင်ပြီး မကြာမီလုပ်ဆောင်ခဲ့သည့် တိုက်ခိုက်မှုများတွင် အစ္စရေးတပ်မတော်သည် အီရန်သိပ္ပံပညာရှင်စုစုပေါင်း ၂၅ ဦးခန့်ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းတို့အနက် အနည်းဆုံးနှစ်ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း axios ကဆက်လက်ဖော်ပြထားသည်။
အစ္စရေးနိုင်ငံအနေဖြင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို နိုင်ငံအတွက် ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ကာလရှည်ကြာရှု မြင်နေခဲ့သည့်အပြင် မကြာမီနှစ်များအတွင်း ထူးထူးခြားခြား တိုးတက်လာသည့် အီရန်နိုင်ငံ၏ ဒုံးကျည်နည်းပညာများကြောင့်လည်း စိုးရိမ်မကင်းဖြစ်လျက် ရှိသည်ဟုဆိုနိုင်သည်။ ထို့ကြောင့်လည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် အီရန်၏အားနည်းချက် ရှိနေသည့် လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အကောင်းဆုံးအသုံးချ၍ တိုက်ခိုက်ရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် အီရန်အပေါ်တိုက်ခိုက်မှုဖြစ်စဉ်တွင် ထူးခြားသည့်အချက်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏ အကြံပေး များသည် အီရန်အပေါ်အစ္စရေးက တိုက်ခိုက်ရန်ကြိုးပမ်းမှုကို လူအများ၏ရှေ့မှောက်တွင် ကန့်ကွက် သယောင်ပြုခဲ့သော်လည်း ကွယ်ရာတွင် လုံးဝကန့်ကွက်ခြင်းမရှိဟု အစ္စရေးအရာရှိ နှစ်ဦးက axios သတင်းဌာနအား ပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အစ္စရေးနှင့်အမေရိကန်တို့၏တိုက်ခိုက်မှုများအတွင်း အီရန်တပ်မတော်မှအရာရှိကြီးအချို့သေဆုံးခဲ့ပြီးဖြစ်သော်လည်း အီရန်အားအပြီးသတ်တိုက်ခိုက်နိုင်ရန်အတွက် သီတင်းပတ်အတော်များများအချိန်ယူရန် လိုအပ်သည်ဟု အစ္စရေးအရာရှိများက ပြောကြားထားသည်။
ယခုဖြစ်ပွားနေသည့်စစ်ပွဲသည် အမေရိကန်ပြည်ထောင်စုပါ ပါဝင်ပတ်သက်လာသည့် အရှေ့အလယ်ပိုင်းဒေသ၏ စစ်ပွဲသစ်တစ်ခုကို စတင်လိုက်ခြင်းဖြစ်ပြီး အီရန်နှင့် အမေရိကန်တို့အကြား နျူကလီးယား သဘောတူညီချက်တစ်ရပ် ချမှတ်နိုင်ရေး မျှော်လင့်ချက် အားလုံးကိုလည်း ပျက်သုဉ်းစေခဲ့ပြီဖြစ်သည်။
အချုပ်အားဖြင့်ဆိုရပါမူ အစ္စရေးမော့ဆက်အဖွဲ့နှင့် အထူးတပ်ဖွဲ့တို့သည် အီရန်အား စစ်ရေးအရစတင် အရေးယူခြင်းမပြုမီ အီရန်နိုင်ငံအတွင်း၌ လျှို့ဝှက်မြေပြင်စစ်ဆင်ရေးကို လုပ်ဆောင်နိုင်ခဲ့ပြီး အီရန်၏ အားနည်းချက်များကို ဖော်ထုတ်နိုင်ခဲ့ခြင်း၊ မဟာမိတ် အမေရိကန်တို့နှင့် ပူးပေါင်း၍ အီရန်၏လုံခြုံရေးအရ အထိအခိုက်မခံသည့် အခြေခံအဆောက်အဦများကို လက်ဦးယူ တိုက်ခိုက်နိုင်ခြင်းတို့ကြောင့် လက်ရှိ ဆက်လက်ဖြစ်ပွားနေသည့် စစ်ပွဲတွင် တာထွက်လှစေရန်များစွာ အထောက်အကူပြု နိုင်ခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။
(Ref: Iv, axios)
MWD
