ဟော်မုဇ်ရေလက်ကြားတွင် တိုက်ခိုက်မှုများပြင်းထန်လာသဖြင့် ကမ္ဘာ့ရေနံတင်ပို့မှုလမ်းကြောင်း အန္တရာယ်ရှိနေ
အရှေ့အလယ်ပိုင်းဒေသ၏ ပထဝီနိုင်ငံရေး တင်းမာမှုများအကြား ကမ္ဘာ့အရေးအပါဆုံး ရေနံတင်ပို့ရာ လမ်းကြောင်းဖြစ်သော ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) အတွင်း တိုက်ခိုက်မှုအသစ်များဖြစ်ပွားခဲ့ရာ ကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးအတွက် ခြိမ်းခြောက်မှုများ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။
တနင်္ဂနွေနေ့ (မတ် ၁) က အိုမန်နိုင်ငံ၊ မာဆန်ဒမ် (Masandam) ကမ်းလွန်တွင် “Skylight” အမည်ရှိ ရေနံတင်သင်္ဘောတစ်စီး တိုက်ခိုက်ခံရပြီး သင်္ဘောသား ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိုမန်ရေကြောင်းလုံခြုံရေးဌာနက အတည်ပြုခဲ့သည်။ ထို့နောက် မကြာမီမှာပင် အီရန်နိုင်ငံပိုင် Mehr သတင်းဌာနက ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းရန်ကြိုးပမ်းသော ရေနံတင်သင်္ဘောတစ်စီးကို ဟန့်တားတိုက်ခိုက်ခဲ့ရာ အဆိုပါသင်္ဘောမှာ ပျက်စီးမှုများ ပြင်းထန်သဖြင့် လက်ရှိတွင် နစ်မြုပ်နေပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ သို့သော် အဆိုပါ သတင်းများတွင်ဖော်ပြခဲ့သော သင်္ဘောနှစ်စီးမှာ ဖြစ်စဉ် တူညီမှု ရှိ၊မရှိ ဆိုသည်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အခြေအနေများ ဆိုးရွားလာခြင်းကြောင့် ဂျာမနီအခြေစိုက် ကမ္ဘာ့ထိပ်သီးသင်္ဘောလိုင်းလုပ်ငန်းစုကြီးဖြစ်သော Hapag-Lloyd က ၎င်းတို့၏ သင်္ဘော အားလုံး ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာခြင်းအား နောက်ထပ်အကြောင်းမကြားမချင်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရိုက်တာ သတင်း ဌာနသို့ ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားသည် အကျဉ်းဆုံးနေရာတွင် ၂၁ မိုင်သာ ကျယ်ဝန်းသော်လည်း ပါရှန်ကွေ့အတွင်းရှိ ရေနံကြွယ်ဝသော နိုင်ငံများအတွက် ကမ္ဘာ့စျေးကွက်သို့ ရေနံတင်ပို့နိုင်သည့် တစ်ခုတည်းသော အသက်သွေးကြောလမ်းကြောင်းဖြစ်သည်။ အဆိုပါပြတ်တောက်မှုသည် ကမ္ဘာ့ လောင်စာဆီစျေးနှုန်းများအပေါ် ရုတ်ခြည်းရိုက်ခတ်မှု ရှိလာနိုင်ကြောင်း စီးပွားရေးလေ့လာသူများက သတိပေးနေကြသည်။
ယူကေရေကြောင်းကုန်သွယ်ရေးလုပ်ငန်း (UKMTO) က ရေလက်ကြားကို တရားဝင်ပိတ်သိမ်းကြောင်း ထုတ်ပြန်ခြင်းမရှိသေးသော်လည်း ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများကြောင့် ကုန်သွယ်ရေးသင်္ဘောများအတွက် အန္တရာယ်အလွန်ကြီးမားနေကြောင်း ထုတ်ပြန်ထားသည်။ "သင်္ဘောများအနေဖြင့် သတိထားပြီး ဖြတ်သန်းကြရန်နှင့် မသင်္ကာဖွယ်ရာ လှုပ်ရှားမှုမှန်သမျှကို အချိန်နှင့်တစ်ပြေးညီ သတင်းပို့ရန်" UKMTO က တိုက်တွန်းထားသည်။
လက်ရှိတွင် အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့များက ရေကြောင်းလုံခြုံရေးအတွက် စောင့်ကြည့်မှုများ တိုးမြှင့်ထားသော်လည်း အရှေ့အလယ်ပိုင်း တလွှား တိုက်ခိုက်မှုများကြောင့် အခြေအနေမှာ ပိုမိုရှုပ်ထွေးလျက်ရှိသည်။
ကိုးကား- CNN
Photo: Al Jazeera
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
