အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများကို ပြုလုပ်လျက်ရှိပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ နံနက် ၅ နာရီ ၃၀ မိနစ်တွင် ပွင့်ဖြူမြို့နယ်၊ သာဂရကျေးရွာနေ ဒေါ်ဇင်မာဦး (၃၈)နှစ်သည် သာဂရကျေးရွာမှ သံဘိုကျေးရွာသို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် သံဘိုကျေးရွာအနီးအရောက် လမ်းဘေး၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် မိုင်း တစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ညနေ ၄ နာရီ ၅ မိနစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံ၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား နှစ်ဦး ရောက်ရှိကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် လေးမျက်နှာမြို့နယ်၊ စမ်းကြီးကျေးရွာနေသူများဖြစ်သည့် ဦးခင်မောင်ဝင်း(၆၀)နှစ်နှင့် ၎င်း၏တူဖြစ်သူ မောင်ဆန်းထက်အောင်(၁၈)နှစ်တို့သည် စမ်းကြီးကျေးရွာအနီးရှိ လယ်ကွင်းအတွင်း နွားကျောင်းနေစဉ် AA အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့ နှစ်ဦးတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA
