ဆော်ဒီအာရေဗျနိုင်ငံရှိ အမေရိကန်သံရုံးဝန်းအတွင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် သံရုံးကို ပိတ်ထား

News Image

  • ဆော်ဒီအာရေဗျနိုင်ငံရှိ အမေရိကန်သံရုံးဝန်းအတွင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် သံရုံးကို ပိတ်ထား

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယတ်မြို့ရှိ အမေရိကန်သံရုံးက အင်္ဂါနေ့ (မတ် ၃) နံနက်ပိုင်းတွင် အီရန်ဒရုန်းများဟု သံသယရှိရသောဒရုန်းများဖြင့် တိုက်ခိုက် ခံရပြီးနောက် “သံရုံးဝန်းအတွင်း တိုက်ခိုက်ခံရမှုကြောင့် အင်္ဂါနေ့အတွက် ကောင်စစ်ဝန်ရုံး ချိန်းဆိုမှုအားလုံးကို ဖျက်သိမ်းလိုက်ကြောင်း” ပြောကြား ခဲ့သည်။

ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနကလည်း အဆိုပါတိုက်ခိုက်မှုကို အတည်ပြု ခဲ့ပြီး “မီးလောင်မှု အနည်းငယ်နှင့် အသေးစား ပစ္စည်းပျက်စီးမှုများ ရှိခဲ့ကြောင်း” ပြောကြားခဲ့သည်။ အခြေအနေကို သိရှိနားလည်သည့် သတင်းရင်းမြစ်တစ်ခုက CNN သို့ ပြောကြားရာတွင် ကနဦးသတင်းများ အရ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရှိရသည်။

သံရုံးက “ပုံမှန်နှင့် အရေးပေါ် အမေရိကန်နိုင်ငံသားဝန်ဆောင်မှု ချိန်းဆိုမှု အားလုံးကို ဖျက်သိမ်းလိုက်သည်။ ဂျက်ဒါ (Jeddah)၊ ရီယတ် (Riyadh) နှင့် ဒါရန် (Dhahran) မြို့များအတွက် ထုတ်ပြန်ထားသည့် ဘေးကင်းရာ တွင် ခိုလှုံနေထိုင်ရန် (Shelter in place) အသိပေးချက်မှာ ဆက်လက် တည်ရှိနေပြီး ဆော်ဒီနိုင်ငံအတွင်းရှိ အမေရိကန်နိုင်ငံသားများ အနေဖြင့် လည်း ဘေးကင်းရာတွင် ဆက်လက်ခိုလှုံနေထိုင်ကြရန် တိုက်တွန်းပါသည်” ဟု X တွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် အမေရိကန်နိုင်ငံသားအားလုံး ကိုယ်ပိုင်လုံခြုံရေးအစီအစဉ် ထားရှိရန် နှင့် နောက်ထပ်အကြောင်းမကြားမချင်း သံရုံးဝန်းသို့ လာရောက်ခြင်း မပြုရန်လည်း ထပ်လောင်းပြောကြားထားသည်။

အင်္ဂါနေ့ (မတ် ၃) အစောပိုင်းက ဆော်ဒီအာရေဗျစစ်တပ်သည် ရီယတ် မြို့နှင့် အလယ်ပိုင်း အယ်လ်ခါ့ဂျ် (Al Kharj) မြို့အနီးတွင် ဒရုန်း ၈ စင်းကို ကြားဖြတ်ဟန့်တား ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။ သို့သော် အဆိုပါထုတ်ပြန်ချက်တွင် ပျက်စီးဆုံးရှုံးမှု သို့မဟုတ် ထိခိုက်သေဆုံးမှု ရှိမရှိကိုမူ ဖော်ပြထားခြင်း မရှိပေ။

ကိုးကား- CNN

Photo: A News

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂