အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စျေးနှုန်းများ ဆက်လက်မြင့်တက်၊ စတော့ရှယ်ယာစျေးကွက်များ ကျဆင်း
အဓိက စွမ်းအင်ထုတ်လုပ်ရာဒေသဖြစ်သော အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသည့် လက်ရှိပဋိပက္ခများသည် ကမ္ဘာ့လောင်စာဆီထောက်ပံ့မှုကို ခြိမ်းခြောက်လာနိုင်သည်ဟူသော စိုးရိမ်မှုများကြောင့် အင်္ဂါနေ့ (မတ် ၃)တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့စျေးနှုန်းများ ဆက်လက်မြင့်တက်ခဲ့သည်။
ကမ္ဘာ့ရေနံစံညွှန်းဖြစ်သော Brent ရေနံကြိုပွိုင့်စျေးနှုန်းမှာ ၆ ရာခိုင်နှုန်းခုန်တက်သွားပြီး တစ်စည်လျှင် ၈၂ ဒေါ်လာသို့ ရောက်ရှိခဲ့ကြောင်း FactSet အချက်အလက်များအရ သိရှိရသည်။ ယင်းစျေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဇွန်လနောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည့် ယမန်နေ့ကထက် ပိုမိုမြင့်တက်လာခြင်းဖြစ်သည်။ အမေရိကန် ရေနံစံညွှန်းဖြစ်သော WTI သည်လည်း အင်္ဂါနေ့ (မတ် ၃) တွင် ၆ ရာခိုင်နှုန်းမြင့်တက်ကာ တစ်စည်လျှင် ၇၅.၆ ဒေါ်လာသို့ ရောက်ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် ဥရောပစံညွှန်း သဘာဝဓာတ်ငွေ့ ကြိုပွိုင့် စျေးနှုန်းမှာ ၃၄ ရာခိုင်နှုန်းအထိ ထိုးတက်သွားပြီး တစ်မီဂါဝပ်နာရီလျှင် ၅၉ ယူရို (၆၈ ဒေါ်လာ) ခန့် ဖြစ်လာခဲ့သည်။ ပါရှန်ပင်လယ်ကွေ့အတွင်းရှိ စွမ်းအင်အခြေခံအဆောက်အအုံများကို အီရန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီးနောက် ကာတာနိုင်ငံ၏ အကြီးဆုံးဓာတ်ငွေ့ထုတ်လုပ်သူက ထုတ်လုပ်မှုရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် ယခုကဲ့သို့ စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်သည်။
ယခုအခါ လေးရက်မြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သော အီရန်နှင့် အမေရိကန်-အစ္စရေးတို့အကြားပဋိပက္ခကြောင့် အရှေ့အလယ်ပိုင်း ဒေသမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တင်ပို့မှုများ ပြတ်တောက်သွားမည်ကို စိုးရိမ်ပူပန်မှုများက ထင်ဟပ်နေသည်။ အီရန်နိုင်ငံကို ရှောင်ကွင်းသွားရသည့် အလွန်အရေးပါသော ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) သင်္ဘောလမ်းကြောင်းမှာလည်း လက်တွေ့တွင် ပိတ်ဆို့ခံထားရသဖြင့် ကမ္ဘာ့စျေးကွက်သို့ အရေးကြီးကုန်စည်များပို့ဆောင်ရန် အခြားရွေးချယ်စရာ နည်းပါးသွားပြီဖြစ်သည်။
တိုးပွားလာသော အဆိုပါစိုးရိမ်မှုများသည် ကမ္ဘာတစ်ဝှမ်းရှိ စတော့ ရှယ်ယာစျေးကွက်များသို့လည်း ကူးစက်ခဲ့သည်။ အာရှစျေးကွက်တွင် တောင်ကိုရီးယား၏ Kospi အညွှန်းကိန်းမှာ ဈေးပိတ်ချိန်တွင် ၇ ရာခိုင်နှုန်းကျော်အထိ ကျဆင်းခဲ့ပြီး အကျဆုံးဖြစ်ခဲ့သည်။ ဂျပန်နှင့် ဟောင်ကောင်ရှိ စတော့အညွှန်းကိန်းများမှာလည်း ကျဆင်းခဲ့သည်။
ဥရောပစျေးကွက်တွင် လန်ဒန်၏ FTSE 100 အညွှန်းကိန်းမှာ နံနက်ပိုင်း အရောင်းအဝယ်ပြုလုပ်ချိန်၌ ၂.၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဂျာမနီ၏ Dax မှာ ၃.၄ ရာခိုင်နှုန်းနှင့် ပြင်သစ်၏ CAC အညွှန်းကိန်းမှာ ၂.၈ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့သည်။ အမေရိကန် စတော့ကြိုပွိုင့် စျေးကွက်မှာလည်း စျေးဖွင့်ချိန်တွင် သိသိသာသာ ကျဆင်းမည့် အလားအလာများကို ပြသနေသည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂
