ကမ္ဘောဒီးယားနိုင်ငံသို့ ပထမသုံးလပတ်အတွင်း နိုင်ငံခြားခရီးသွား တစ်သန်း ဝင်ရောက်

News Image

  • ကမ္ဘောဒီးယားနိုင်ငံသို့ ပထမသုံးလပတ်အတွင်း နိုင်ငံခြားခရီးသွား  တစ်သန်း ဝင်ရောက်

မေ ၂၂

ကမ္ဘောဒီးယားနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း နိုင်ငံတကာခရီးသွား ၁ ဒသမ ၀၁ သန်း ဝင်ရောက်မှုရှိရာ ယမန်နှစ်အလားတူကာလကထက် ၄၄ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ခရီးသွားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီမှ မတ်လအတွင်း နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုတွင် တရုတ်နိုင်ငံမှခရီးသွားများ အများဆုံးဝင်ရောက်ခဲ့ပြီး ဗီယက်နမ်နှင့် အမေရိကန်ပြည်ထောင်စုတို့မှ ခရီးသွားဝင်ရောက်မှုသည် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘောဒီးယားနည်းပညာနှင့် သိပ္ပံတက္ကသိုလ်၏ တရုတ်-အာဆီယံလေ့လာရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး သွန် မန်ဒေးဗစ်က နိုင်ငံတကာခရီးသွားများဝင်ရောက်မှု ကျဆင်းခြင်းသည် ဒေသတွင်းစီးပွားရေး နှေးကွေးမှုနှင့် ကမ္ဘောဒီးယား-ထိုင်းနယ်စပ်ပဋိပက္ခ၏ သက်ရောက်မှုများကို ထင်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

ခရီးသွားလုပ်ငန်းသည် အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားပစ္စည်းများ တင်ပို့မှု၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းများအပြင် နိုင်ငံ၏စီးပွားရေးကို ပံ့ပိုးပေးသည့် အဓိကအချက်လေးချက်အနက် တစ်ခုဖြစ်သည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံခြားခရီးသွား ၅ ဒသမ ၅၇ သန်း ဝင်ရောက်ခဲ့ရာ  အမေရိကန်ဒေါ်လာ ၃ ဒသမ ၈၇ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

MDN