အမေရိကန် အမျိုးသားဥယျာဉ်နှင့် ပြတိုက်များမှ ‘Woke’ အယူအဆဆိုင်ရာ သမိုင်းကြောင်းများကို ဖယ်ရှားရန် ထရမ့်အစိုးရ စီစဉ်နေ

News Image

  • အမေရိကန် အမျိုးသားဥယျာဉ်နှင့် ပြတိုက်များမှ ‘Woke’ အယူအဆ ဆိုင်ရာ သမိုင်းကြောင်းများကို ဖယ်ရှားရန် ထရမ့်အစိုးရ စီစဉ်နေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏အစိုးရအဖွဲ့သည် နိုင်ငံအတွင်းရှိ အမျိုးသားဥယျာဉ်များနှင့် ပြတိုက်များတွင် ခင်းကျင်းပြသထားသည့် အကြောင်းအရာများထဲမှ ‘အမေရိကန်ဆန့်ကျင်ရေး’ ဟု ယူဆရသော ဇာတ်ကြောင်းများကို ဖယ်ရှားရှင်းလင်းရန် စီမံဆောင်ရွက်နေကြောင်း ပေါက်ကြားလာသည့် အစိုးရဒေတာဘေ့စ်တစ်ခုအရ သိရှိရသည်။ အဆိုပါ ဖယ်ရှားမည့် အစီအစဉ်တွင် အဓိကအားဖြင့် လူမျိုးရေးခွဲခြားမှု၊ ရာသီဥတု ပြောင်းလဲမှု၊ ကျွန်စနစ်နှင့် လူထုအခွင့်အရေး လှုပ်ရှားမှုများကဲ့သို့သော “Woke Agenda” များပါဝင်နေသည်ဟု သတင်းမီဒီယာများက ဖော်ပြ ကြသည်။

သမ္မတထရမ့်သည် ၂၀၂၅ ခုနှစ်တွင် အိမ်ဖြူတော်သို့ ပြန်လည် ရောက်ရှိလာပြီးနောက် ဖက်ဒရယ်အစိုးရဌာနများအတွင်းရှိ မတူကွဲပြားမှု၊ မျှတမှု နှင့် အားလုံးပါဝင်နိုင်မှု (DEI) ဆိုင်ရာ မူဝါဒများကိုရုပ်သိမ်းရန် အမှုဆောင် အမိန့်များ ထုတ်ပြန်ခဲ့သည်။ ယင်းအမိန့်များအရ အမျိုးသားဥယျာဉ်များရှိ ပြခန်းများမှ “အမေရိကန်နိုင်ငံသားများကို မသင့်လျော်စွာ ရှုတ်ချသည့် အကြောင်းအရာများ” သို့မဟုတ် သဘာဝအလှတရားနှင့် မသက်ဆိုင်ဘဲ နိုင်ငံရေးဆန်သော တင်ပြချက်များကို ဖယ်ရှားရန် ညွှန်ကြားထားခြင်းဖြစ်သည်။ အထူးသဖြင့် အာဖရိကန်-အမေရိကန်များအပေါ် ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုသမိုင်းများနှင့် တိုင်းရင်းသားလူမျိုးစုများအပေါ် နယ်ချဲ့သူများ၏ ဆက်ဆံရေးဆိုင်ရာ ပြကွက်များကို ပြန်လည်စိစစ်ရန် ရည်ရွယ်ထားသည်။

သို့သော်လည်း ယင်းဒေတာဘေ့စ်ကိုထုတ်ပြန်ခဲ့သည့်အဖွဲ့ကမူ ထရမ့် အစိုးရသည် အများပြည်သူပိုင်မြေနေရာများကိုအသုံးပြု၍ သမိုင်းကြောင်း များကိုဖျောက်ဖျက်ရန်နှင့် သိပ္ပံဆိုင်ရာအချက်အလက်များကို မှေးမှိန်စေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။ တစ်ဖက်တွင်လည်း အမေရိကန် ပြည်ထဲရေးဝန်ကြီးဌာနက အဆိုပါ စာရွက်စာတမ်းများသည် အတွင်းပိုင်းဆွေးနွေးတိုင်ပင်ဆဲ မူကြမ်းများသာဖြစ်ပြီး အစိုးရကို ထိခိုက်စေရန် ရည်ရွယ်ကာ တရားမဝင် ပေါက်ကြားအောင် ပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ ထို့အပြင် မှတ်တမ်းများကို ပြုပြင်ပြောင်းလဲပြီး သတင်းပေါက်ကြားစေခဲ့သည့် ဝန်ထမ်းများကိုလည်း ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက သတိပေးပြောကြားထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂