ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ကျင်းပပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ကျင်းပ
နေပြည်တော် မေ ၄
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ်(၁၂) သင်တန်း ဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၏ “ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးရန်”ဟူသော ရည်မှန်းချက် နှင့်အညီ ယခုသင်တန်းတွင် စီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ စာရင်းပြုစုခြင်း၊ စာရင်းနှင့်လုပ်ငန်းစစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုစသည့် ဘာသာရပ်များကို သင်ကြားပို့ချ ပေးခဲ့ကြောင်း၊ သင်တန်းသား သင်တန်းသူများ အနေဖြင့် ယင်းဘာသာရပ်များကို လေ့လာမှတ်သား၍ နိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုး တိုးတက်လာရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက် ပေးကြရန်ဖြစ်ကြောင်း၊ သင်တန်းတွင် လေ့လာသင်ယူ ခဲ့ရသည်များကို ဌာနတွင် လက်တွေ့အသုံးချရေး၊ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ပြန်လည်မျှဝေ ဆွေးနွေးခြင်း၊ ဆက်လက်လေ့လာ ဆည်းပူးကြရေး တို့ကို အစဉ်တစိုက် လုပ်ဆောင်သွားကြရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးမြင့်လာရေးအတွက် အစဉ်ကြိုးစားကြရန်ဖြစ်ပြီး စွမ်းဆောင်ရည်များ တိုးမြင့်လာသည်နှင့်အမျှ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ကြမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း လက်မှတ်များပေးအပ်ပြီး သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပြည်သူ့ရေးရာစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ်(၁၂) သင်တန်းသို့ ဝန်ကြီးဌာနများမှ သင်တန်းသား သင်တန်းသူ ၄၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သုံးလခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
