သစ်တောဦးစီးဌာန၏ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့် တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်း၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ထုတ်ပြန်

News Image

  • သစ်တောဦးစီးဌာန၏ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့် တနင်္သာရီသဘာဝကြိုးဝိုင်း စီမံကိန်း၏ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်များ ထုတ်ပြန်


နေပြည်တော် မေ ၄

 

သစ်တောဦးစီးဌာန၏ “ခရိုင် သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း(၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မှ ၂၀၃၅-၂၀၃၆ ဘဏ္ဍာနှစ်အထိ)” နှင့် “တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း(TNRP)၏ ဆဋ္ဌမ (၄)နှစ် တာ အုပ်ချုပ်လုပ်ကိုင်မှုစီမံချက် (OMP VI)” ထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အင်ကြင်း ခန်းမ၌ ကျင်းပသည်။

 

တက်ရောက်

 

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်းနှင့် မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်/ခရိုင် တာဝန်ခံများက အွန်လိုင်းစနစ်ဖြင့် တက်ရောက် ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးက မြန်မာနိုင်ငံ၏ အဖိုးမဖြတ်နိုင်သော သစ်တော သယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲများကို ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ၁၉၉၆-၁၉၉၇ ဘဏ္ဍာနှစ်မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ပထမ နှစ်(၃၀) ခရိုင်သစ်တောအုပ်ချုပ် လုပ်ကိုင်မှုစီမံကိန်းများကို ၁၀ နှစ် တစ်ကြိမ်အဆင့်ဆင့် ပြန်လည် ပြင်ဆင်ရေးဆွဲခဲ့ပြီး မြန်မာ့သစ်တောများကို စီမံအုပ်ချုပ်ခဲ့ကြောင်း၊ ယခု  တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ သစ်တော ခရိုင် ၇၁ ခရိုင်၏ ဒုတိယနှစ် ၃၀ ၏ ပထမ ၁၀ နှစ်ဖြစ်သော ခရိုင် သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်း (၂၀၂၆-၂၀၂၇ မှ ၂၀၃၅-၂၀၃၆ အထိ)” နှင့် “တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၏ ဆဋ္ဌမ (၄)နှစ်တာ အုပ်ချုပ်လုပ်ကိုင်မှု စီမံချက်(OMP VI)”တို့ကို ရေးဆွဲ ပြီးစီးပြီဖြစ်၍ ယနေ့တွင် တရားဝင် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း။

 

ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းများကို ပြင်ဆင်ရေးဆွဲရာတွင် ယခင်စီမံကိန်းများ၏ အားနည်းချက်၊ အားသာချက်များကို လေ့လာဆန်းစစ်ပြီး ပြောင်းလဲလာသည့် အုပ်ချုပ်ရေး၊ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အခြေခံမူများနှင့် အညီ ရေးဆွဲထားကြောင်း၊ ထိုသို့ ရေးဆွဲပြုစုရာတွင် ဦးတည်ချက် (၇)ရပ်၊ ရည်ရွယ်ချက် (၂)ရပ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍ(Public- Private Partnership)ပူးပေါင်း ဆောင်ရွက်မှု၏ ပြယုဂ်ဖြစ်သော တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်းအတွက် ဆဋ္ဌမ(၄)နှစ်တာ စီမံချက် (၂၀၂၆-၂၀၃၀)ကိုလည်း စတင်အကောင်အထည်ဖော်နိုင်ရန် တစ်ပါတည်းထုတ်ပြန်ခြင်းဖြစ်ကြောင်း၊ ယခုထုတ်ပြန်လိုက်သော စီမံကိန်းများသည် မြန်မာ့သစ်တောများကို နောင်လာနောက်သားများအတွက် အမွေအနှစ်အဖြစ်ကျန်ရှိစေမည့် အသက်သွေးကြောများ ဖြစ်သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအားလုံးက အလေးထား လိုက်နာ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

 

ထို့နောက် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ခရိုင် သစ်တော အုပ်ချုပ်လုပ်ကိုင်မှု စီမံကိန်းနှင့် တနင်္သာရီ သဘာဝ ကြိုးဝိုင်းစီမံကိန်း၏ အုပ်ချုပ် လုပ်ကိုင်မှုဆိုင်ရာ အချက်အလက် များကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးသည် စီမံကိန်းများမှ ခင်းကျင်းပြသထားသော စီမံကိန်း ဆိုင်ရာ ပိုစတာများနှင့် စာအုပ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် သက်ဆိုင်ရာ တာဝန်ရှိသူများကစီမံကိန်းရေးဆွဲရာတွင် လေ့လာတွေ့ရှိချက်များကို ရှင်းလင်းတင်ပြကြသည်။

 

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ၏ သစ်တောစီမံခန့်ခွဲမှုဆိုင်ရာ အပြန်အလှန်ဆွေးနွေးမှု ဖိုရမ်ကို ဆက်လက်ကျင်းပရာ တက်ရောက်လာသူများနှင့် သက်ဆိုင်ရာ ခရိုင် တာဝန်ခံလက်ထောက် ညွှန်ကြားရေးမှူးများက အနာဂတ်သစ်တော စီမံအုပ်ချုပ်မှုနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအပေါ်  ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

MDN