အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချမှု အခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
နေပြည်တော် မေ ၄
အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ပြည်တွင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချမှု အခြေအနေများဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ညနေပိုင်းတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ်(၆) ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် YCTA နှင့် YBS တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော် ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့များမှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများနှင့် ကြီးကြပ်မှုအောက် တိုင်းဒေသကြီး/ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေး အရာရှိများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင် တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံအလိုက် စက်သုံးဆီ အခက်အခဲများကို ရင်ဆိုင်ဖြေရှင်း နေသကဲ့သို့ မိမိတို့နိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှု၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုတို့ကြောင့် စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရေးလုပ်ငန်း စဉ်များသည် တည်ငြိမ်လာခဲ့ပြီး ဈေးနှုန်းများကို မျှတစွာ စီမံ ဆောင်ရွက် ပေးနိုင်လျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးတွင် အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍများအတွက် စက်သုံးဆီများကို စနစ်တကျ စီမံခန့်ခွဲ သွားမည့် အစီအမံများကို ဆွေးနွေး ပြောကြားမည်ဖြစ်ကြောင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် အရေးပါသည့် YBS ယာဉ်များနှင့် Taxi ယာဉ်များသို့ သဘာဝဓာတ်ငွေ့(CNG) များကို ၁ ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၂၅ ပြားနှုန်းဖြင့် ၂၀၀၇ ခုနှစ်မှစ၍ ဈေးနှုန်းမပြောင်းလဲဘဲ ရောင်းချ ပေးနေပါကြောင်း၊ ယင်းဈေးနှုန်းသည် နိုင်ငံတကာဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက လွန်စွာသက်သာမှု ရှိသည့်အပြင် အာဆီယံနိုင်ငံများထဲတွင် အချိုသာဆုံးဖြစ်ပါကြောင်း၊ CNG သုံး Taxi ယာဉ်များကို သုံးစွဲခြင်းဖြင့် လောင်စာဆီ ကုန်ကျမှုမှာ သက်သာမှုရှိသည့် အတွက် CNG သုံး Taxi ယာဉ်များ အနေဖြင့် နိုင်ငံတော်မှ စိုက်ထုတ်ပေးထားသည့် အခွင့်အရေးကို ပြည်သူများ ခံစားခွင့်ရရှိစေရန် ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း၊ YBS ယာဉ်များအနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် ခွင့်ပြုထားသည့် လမ်းကြောင်းများ အတွင်း၌သာ မောင်းနှင်၍ ဝန်ဆောင်မှုပေးနိုင်ရေး တာဝန်ရှိသူများက ကြပ်မတ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
စက်သုံးဆီ သယ်ယူဖြန့်ဖြူးမှု ပိုမိုစနစ်တကျဖြစ်စေရေး မျှောစာ ထုတ်ပေးရာတွင် Application ရေးဆွဲပြီး QR Code စနစ် အသုံးပြု နိုင်ပြီဖြစ်သဖြင့် စစ်ဆေးရေးဂိတ်များတွင် Scan ဖတ်၍ စစ်ဆေးနေပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆိပ်ကမ်းရှိ သိုလှောင်ကန်စခန်းများတွင် Auto Tank Gauging စနစ်တပ်ဆင်စေပြီး ဆီသယ်ယာဉ်များတွင် GPS တပ်ဆင်စေလျက်ရှိခြင်းတို့ ပြီးစီးပါက စက်သုံးဆီ တင်သွင်းဖြန့်ဖြူးသည့် စနစ်တစ်ခုလုံးအား ဒီဂျစ်တယ်စနစ်ဖြင့် ထိန်းချုပ်နိုင်တော့မည်ဖြစ်ရာ နိုင်ငံတော်အနေဖြင့် စက်သုံးဆီ ဝယ်ယူတင်သွင်းရမှု များစွာ လျော့နည်းသွားမည်ဖြစ်ပါကြောင်း၊ ဆက်လက်ပြီး မြစ်တွင်းသွား ရေယာဉ်များအတွက် စက်သုံးဆီ ဖြန့်ဖြူးပေးရန်အတွက် စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲပြီးဖြစ်၍ မကြာမီ ထုတ်ပြန်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုသည် အဓိကဖြစ်ရာ ပြည်သူလူထုကို အကျိုးဖြစ်ထွန်းမှသာ ပြည်သူလူထု လေးစားအားကိုး ယုံကြည်မှုရရှိမည် ဖြစ်သည့် အတွက် နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုနေသည့် ဝန်ထမ်းများ၊ Stake-holder များအနေဖြင့် စေတနာ ထားဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင်နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများက တိုင်းဒေသကြီး/ ပြည်နယ် များအလိုက် စက်သုံးဆီသုံးစွဲမှု စနစ်အား ကြပ်မတ်ထိန်းကျောင်း ပေးနေမှု၊ မလိုလားအပ်သော နေရာများသို့ စက်သုံးဆီများ ရောက်ရှိမှု မရှိစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးနေမှု အခြေအနေကို လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၊ ရန်ကုန်စီးတီး တက္ကစီအသင်း(YCTA)နှင့် YBS ခရီးသည်တင်ယာဉ်လိုင်းကုမ္ပဏီတို့မှ တာဝန်ရှိသူများက အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရေး ဆောင်ရွက်သွားမည့် အခြေအနေကို လည်းကောင်း၊ ကမ်းရိုးတန်းသွား သင်္ဘောပိုင်ရှင်များအသင်း၊ ပင်လယ်ကမ်းဝေးငါးဖမ်းလုပ်ငန်း ရှင်များအသင်း၊ ပြည်တွင်း ရေကြောင်းသွား ရေယာဉ်ပိုင်ရှင်များအသင်းမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လည်းကောင်း ဆွေးနွေး တင်ပြကြပြီး ဒုတိယဝန်ကြီးက စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချမှု အခြေအနေကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
MDN
