အော်စလိုမြို့ရှိ အမေရိကန်သံရုံးအပြင်ဘက် ပေါက်ကွဲမှုအား အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် နော်ဝေရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

News Image

  • အော်စလိုမြို့ရှိ အမေရိကန်သံရုံးအပြင်ဘက် ပေါက်ကွဲမှုအား အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် နော်ဝေရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးနေ

နော်ဝေနိုင်ငံ၊ အော်စလိုမြို့ရှိ အမေရိကန်သံရုံးအပြင်ဘက်တွင် တနင်္ဂနွေ နေ့ (မတ် ၈) နံနက်အစောပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးနောက် နော်ဝေရဲတပ်ဖွဲ့နှင့် ပြည်တွင်းလုံခြုံရေးဝန်ဆောင်မှုဌာန (PST) တို့က ၎င်းဖြစ်စဉ်ကို အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ခြေရှိကြောင်း သတ်မှတ်ကာ အဓိကဦးစားပေးအဖြစ် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ပေါက်ကွဲမှုကြောင့် သံတမန်ဝင်း၏ အဝင်ပေါက်တွင် ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးသူများ၏ ကနဦးတွေ့ရှိချက်အရ ပေါက်ကွဲ စေတတ်သောပစ္စည်းတစ်ခုကို အဆောက်အအုံဘက်သို့ ပစ်ပေါက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရှိရသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သံရုံး၏ Google Maps စာမျက်နှာတွင် အီရန်၏ ကွယ်လွန်သူ အမြင့်ဆုံး ခေါင်းဆောင်၏ ဗီဒီယိုဖိုင်နှင့် ခြိမ်းခြောက်စာတိုများ တက်လာခဲ့သည့်အတွက် ရဲတပ်ဖွဲ့ က ယင်းကိုလည်း အမှု၏အစိတ်အပိုင်းတစ်ခုအဖြစ် စစ်ဆေးနေသည်။ လက်ရှိအချိန်အထိ တရားခံဟု ယူဆရသူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီး ရမိခြင်း မရှိသေးပေ။ 

အဆိုပါဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက စတင်ခဲ့သည့် အမေရိကန်နှင့် အစ္စရေးတို့၏ ပူးပေါင်းလေကြောင်းတိုက်ခိုက်မှုအပြီး အီရန် နှင့် အမေရိကန်တို့အကြား စစ်ရေးတင်းမာမှု အရှိန်မြင့်တက်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အီရန်ဘက်ကလည်း ဒုံးကျည်များနှင့် ဒရုန်း များဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ ဒူဘိုင်းနှင့် ရီယာ့ဒ်မြို့ရှိ အမေရိကန် သံတမန်ဌာနများမှာလည်း ပစ်မှတ်ထားခံခဲ့ရသည်။

ယင်းကဲ့သို့ တင်းမာမှုများကြောင့် အမေရိကန် နိုင်ငံခြားရေးဌာနသည် ဆော်ဒီအာရေဗျ၊ လက်ဘနွန်နှင့် ကူဝိတ်ရှိ သံရုံးများကို ပိတ်သိမ်းခဲ့ပြီး ဒေသတွင်းရှိ နိုင်ငံသားများအား အမြန်ဆုံးထွက်ခွာရန် တိုက်တွန်းထားသည်။ ထို့အပြင် မတ်လ ၁ ရက်နေ့က ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံး၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ရသည်။ 

လက်ရှိအချိန်ထိ အရှေ့အလယ်ပိုင်းမှ အမေရိကန်နိုင်ငံသား ၃၂,၀၀၀ ကျော် ပြန်လည်ရောက်ရှိလာကြပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို ခြွင်းချက်မရှိလက်နက်ချရန် တောင်းဆိုထားကာ အမေရိကန် စစ်တပ်အနေဖြင့်လည်း ကြာရှည်မည့် စစ်ရေးလှုပ်ရှားမှုအတွက် ပြင်ဆင်နေကြောင်း သတင်းများက ဖော်ပြထားသည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂